Showing posts with label Dhamma knowledge. Show all posts
Showing posts with label Dhamma knowledge. Show all posts

Sep 1, 2013


ဒါနဆိုတာ စေတနာဒါနနဲ့ဝတ္ထုဒါနလို့ နှစ်မျိုးရှိပါတယ်။ ဆွမ်း သင်္ကန်း ကျောင်း ဆေး စတဲ့ပစ္စည်းလေးပါးကိုတော့ ၀တ္ထုဒါနလို့ခေါ်ပြီး
အလှူရှင်ရဲ့သန္တာန်မှာဖြစ်ပေါ်တဲ့ စေတနာသုံးတန်ကိုတော့ စေတနာဒါနလို့ခေါ်ပါတယ်။
ဒါနပြုတဲ့နေရာမှာ ၀တ္ထုဒါနက တရားသဖြင့်ရအပ်တဲ့ပစ္စည်းဖြစ်ဖို့လိုအပ်သလို့ စေတနာဒါနကလည်း ဖြူစင်မြင့်မြတ်ဖို့၊ မှန်ကန်ဖို့ လိုအပ်ပါတယ်။
ဘယ်လိုစေတနာမှန်ရမလဲဆိုရင် ကိုယ့်ရဲ့ဒါနကြောင့် အလှူခံတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ပါစေ၊ သာသနာတော်အတွက် အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန်ရဲ့အထောက်အပံဖြစ်ပါစေဆိုတဲ့ စေတနာမှန်ဖြစ်နေရပါမယ်။ ငါ ဒါတွေလှူတဲ့အတွက် ငါ့မှာ ဒီအကျိုးတွေရပါစေ ဆိုတဲ့ တဏှာဆန္ဒကို ခ၀ါချထားလိုက်ပါ။ အဲဒီလိုစေတနာမှန်နဲ့ လှူမယ်ဆိုရင် မြတ်သောဒါနပါ။ ဘုရားစတဲ့သူတော်ကောင်းကြီးတွေ သာဓုခေါ်တဲ့ဒါနပါ။ လှူဖွယ်ဝတ္ထုက တန်ဖိုမကြီးပေမဲ့ အလှူသေးသေးလေး၊ အလှူပိန်လေးရယ်လို့ စိတ်ထဲမှာမဖြစ်သင့်ပါဘူး။
ဥပမာအားဖြင့် မောင်ပုဏနဲ့မယ်ဘဒ္ဒါတဲ့ရဲ့ ဒါနကိုကြည့်လိုက်ပါ။ ၀တ္ထုဒါနက မပြောပလောက်ပါဘူး။ မောင်ပုဏလှူတာက ဒါန်ပူတဲ့ ရေအေးအေးလေးပါ။ မယ်ဘဒ္ဒါလှူတာက တစ်ပါးစာအတွက် ဆွမ်းတစ်နပ်ပါ။ စေတနာကတော့ တိုင်းဆလို့ရမယ် မထင်ပါဘူး။ အလှူရှင်တွေ ကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ပြီးတော့ မောင်လှူတော့ မယ်ကြည့်ဖြူ၊ မယ်လှူတော့ မောင်ကျေနပ်ဆိုသလို့ တစ်ယောက်ပြုတဲ့ကုသိုလ်ကို တစ်ယောက်က သာဓုခေါ်ပြီ အပရစေတနာတွေပွားလိုက်တာ မြေကြီးက ရွှေသီးတဲ့အထိပါပဲ။ နောက်ပြီး တန်ဖိုးနည်းတဲ့ လမ်းဘေးက မြတ်လေးပန်းလေးကို  လှူဒါန်းတဲ့ သူငယ်မတောင် နတ်ပြည်ကိုရောက်ခဲ့တယ်လေ။ ဒါတွေဟာ ၀တ္ထုဒါနသေးငယ်သော်လည်း စေတနာဒါနမှန်ကန်တဲ့အတွက် “ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် အကျိုးရတယ်” ဆိုတဲ့သာဓကတွေပါ။
တစ်ချို့သူတွေဟာ သာသနာတော်အတွက် အရေးမကြီးတဲ့နေရာတွေမှာ သိန်းပေါင်းများစွာအကုန်ကျခံပြီး ငါမို့လို့ ဒီလိုလှူနိုင်တယ်၊ ငါလို လှူနိုင်တဲ့သူမရှိပါဘူးဆိုတဲ့ မာနတွေ ရှေ့တန်းတင်၊ လူအများအထင်ကြီးစေလိုမှု၊ နေရာရလိုမှုစတဲ့ တဏှာဆန္ဒတွေ ဦးစီးပြီး ၀တ္ထုဒါန ကြီးကြီးမားမာလှူတတ်ကြပါတယ်။ အဲဒီဒါနမျိုးကို ဘုရားစတဲ့သူတော်ကောင်းကြီးတွေ မချီးမွှမ်းပါဘူး၊ မြတ်သောဒါနလည်း မဖြစ်ပါဘူး၊ ကြီးကျယ်ခမ်းနာတဲ့ဒါန၊ ပကာသနတွေများတဲ့ ဒါနလို့ပဲ အမည်တပ်ရပါမယ်။ အဲဒီ ဒါနမျိုးကိုတော့ ၀တ္ထုဒါနကြီးမားသော်လည်း စေတနာဒါနမမှန်တဲ့အတွက် “ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့ လောက်ရတဲ့ဒါန” လို့ဆိုပါတယ်။
အထူးသတိပြုရမှာက ကိုယ့်ရဲ့ဝတ္ထုဒါန များသည်နည်းသည်ထက် ကိုယ်ရဲ့စေတနာဒါန မှန်သည် မမှန်သည်ကို သတိထားရမယ်ဆိုတဲ့အချက်ပါ။ တစ်ခုရှိတာက တရားသဖြင့်ရလာတဲ့ ၀တ္ထုဒါနကလည်း ကြီးသထက်ကြီး၊ စေတနာဒါနကလည်း ဖြူစင်ဖွေးလတ် မှန်သထက်မှန်တယ်ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်းနဲ့ကုက္ကား “ရွှေဖလား ငွေနားကွတ်” ဆိုသလိုပဲပေါ့။
နောက်ဆုံး ကိုယ်ပြုတဲ့ဒါနအတွက် မြတ်သောဒါနဖြစ်စေဖို့ နိဗ္ဗာန်ကိုဦးတည်ပြီ
 “အလှူပေး အလှူခံ၊ ဤနှစ်တန်နှင့်၊
 လှူဖွယ်ဝတ္ထု၊ ပစ္စည်းစုသည်၊
မမြဲခြင်း………..အနိစ္စပါတကား၊
ဆင်းရဲခြင်း………..ဒုက္ခပါတကား၊
အစိုးမရ………..အနတ္တပါတကား လို့
လက္ခဏာရေးသုံးချက် ထင်မြင်အောင်မှတ်ပြီ လှူဒါန်းနိုင်ဖို့ပါပဲ။ ဒါဆိုရင် မြတ်သောဒါနဖြစ်ပါပြီ။

ကြီးသောဒါန မပြုနိုင်ရင် ရှိပါစေ။
မြတ်သောဒါန ပြုနိုင်ပါစေ။



 တစ်ချိန်တုန်းက နတ်ပြည်မှာ-
၁. ကတရံ ဒါနံ နုခေါ ဒါနေသု- အလှူဒါနမှန်သမျှထဲမှာ ဘယ်ဒါနက အမြတ်ဆုံးလဲ?
၂. ကတရော ရသော ရသေသု- အရသာမှန်သမျှထဲမှာ ဘယ်အရသာက အမြတ်ဆုံးလဲ?

၃. ကတရာ ရတိ ရတီသု ဇေဌတာ- ပျော်မွေ့စရာမှန်သမျှထဲမှာ ဘယ်အရာနဲ့မွေ့လျော်တာ အမြတ်ဆုံးလဲ?
၎. တဏှက္ခယောဝ ကသ္မာ ဇေဌတော-တဏှာကုန်ခြင်းကိုသာ ဘာကြောင့် အမြတ်ဆုံးလိုပြောတာလဲ?
ဆိုတဲ့ ပြဿနာလေးခု ပေါ်ပေါက်ခဲ့တယ်။
          အဲဒီရဲ့ အဖြေကို (12) ကြာတဲ့အထိ စကြာဝဠာတစ်ခုလုံးလိုက်ရှာတာ မသိကြဘူး၊ နောက်တော့ နတ်မင်းကြီးလေးယောက်ထံ သွားမေးတယ်၊ သူတို့လည်း မသိဘူး၊ သူ့တို့ထက် တန်ခိုးကြီးတဲ့ သိကြားမင်းထံသွားမေးလို့ ညွန်လိုက်တယ်၊ သိကြားမင်းထံရောက်တော့ သိကြားမင်းက “အေး ဒီတရားတွေဟာ ဘုရားမှတစ်ပါး အခြားဘယ်သူမှ မသိနိုင်ဘူး၊ အခု လူ့ပြည့်မှာ ဘုရားပွင့်နေပြီ၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတယ်၊ လာ လိုက်ခဲ့ကြ ဘုရားထံ မေးပေးမယ်” ဆိုပြီး ဇေတ၀န်ကျောင်းရောက်လာတယ်။ ရောက်တာနဲ့ပဲ သိကြားမင်းက ဘုရားကို ပြဿနာမေးခွင့်တောင်းပြီး အထက်ပါ မေးခွန်းလေးရပ်ကို မေးလိုက်တယ်။ ဒီတော့ ဘုရားရှင်က “ကောင်းပြီ  ငါဟာ ပါရမီတော်တွေဖြည့်ကျင့်ပြီး ဘုရားဖြစ်ခဲ့တယ်ဆိုတာ ပညာမျက်စိ ကန်းနေတဲ့သူတွေကို ပညာမျက်စိ အလင်းရဖို့၊ သင်တို့လို သံသယဖြစ်နေတဲ့သူတွေရဲ့ သံသယကို ပယ်ဖျောက်ပေးဖို့ဖြစ်တယ်” ဆိုပြီး-
၁. သဗဒါနံ ဓမ္မဒါနံ ဇိနာတိ- အလှူဒါနမှန်သမျှထဲမှာ တရားအလှူက အမြတ်ဆုံး၊
၂. သဗရသံ ဓမ္မရသော ဇိနာတိ- အရသာမှန်သမျှထဲမှာ တရားအရသာက အမြတ်ဆုံး၊
၃. သဗရတိံ ဓမ္မရတိ ဇိနာတိ- ပျော်မွေ့စရာမှန်သမျှထဲမှာ တရားနဲ့မွေ့လျော်တာက အမြတ်ဆုံး၊
၎.တဏှာက္ခယော သဗဒုက္ခံ ဇိနာတိ- ဒုက္ခအားလုံး ချုပ်ငြိမ်းကြောင်းဖြစ်လို့ တဏှာရဲ့ကုန်ခြင်းက အမြတ်ဆုံး
ဖြစ်တယ်လို့ သိကြားမင်းရဲ့ မေးခွန်းကို ဖြေကြားလိုက်တယ်။
          ဒီနေရာမှာ အလှူဒါနမှန်သမျှထဲမှာ ဓမ္မဒါနက အမြတ်ဆုံးဆိုတဲ့ စကားရပ်ကိုပဲ အဌကထာအလိုကျ တင်ပြလိုပါတယ်။ ဓမ္မဒါနဟာ ဘယ်လောက်ထိ အကျိုးကြီးမားသလဲဆိုရင် စကြာဝဠာတစ်ခုလုံးမှာရှိတဲ့ ပစ္စေကဗုဒါ ရဟန္တာတွေကို သင်္ကန်းစတဲ့ပစ္စည်းဝတ္ထုလှူဒါန်းခြင်းထက် လေးပါဒမျှရှိတဲ့ ဂါထာတစ်ပုဒ်ကို ဟောပြောပြသ ဓမ္မဒါနပြုခြင်းက ပိုမြတ်တယ်လို့ဆိုပါတယ်။ တိတိကျကျပြောရရင် အဲဒီလို ပစ္စည်းဝတ္ထုလှူခြင်းဟာ ဂါထာတစ်ပုဒ်ပေးလှူခြင်းရဲ့ ဆယ့်ခြောက်ဖို့ တစ်ဖို့ပဲရှိပါတယ်။ ထင်ရှားအောင် ထပ်ပြောရရင် ဓမ္မဒါနဟာ အနာထပိဏ် ၀ိသာခါစတဲ့ အလှူရှင်တွေရဲ့ သင်္ကန်း ကျောင်းအလှူတွေထက် မြတ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သူတို့ဟာ တရားမနာရရင်၊ တရားမသိရင် အခုလိုသာသနာတော်အတွက်အရေးပါတဲ့ အလှူရှင်တွေဖြစ်မလာပါဘူး။ ကုန်ကုန်ပြောရရင် တရားမနာရလို့ တရားမသိရင် ဆွမ်းတစ်ဆွမ်းမျှလောင်းလှူဖော်ရမှာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် ပညာအရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာတောင်မှ ကိုယ်ပိုင်ညဏ်နဲ့တရားသိတာမဟုတ်ပါဘူး၊ အရှင်အဿဇိထံက ဂါထာတစ်ပုဒ်နာပြီးမှ သောတာပန်ဖြစ်တာပါ။ ပြီးတော့ ဘုရားပရိနိဗာန်ဝင်စံပြီး နောက်ပိုင်း သာသနာ့သမိုင်းမှာ အလွန်ထင်ရှားတဲ့ အသောကဘုရင်ရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်ပါ၊ ငယ်နာမည်က အသောက၊ စစ်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲနွဲလာလိုက်တာ စဏ္ဍာသောက-အလွန်ကြမ်းတမ်းတဲ့အသောကဖြစ်ခဲ့ပါတယ်။ နောက်တော့မှ ဘုရားရှင်ရဲ့အဆုံးအမ တရားတော်နဲ့တွေ့လိုက်လို့ သီရိဓမ္မာသောက-ကျက်သရေရှိပြီး တရားရှိတဲ့အသောက လို့ဖြစ်လာတာပါ။ တရားနဲ့မတွေ့ခဲ့ရင် သာသနာတော်အတွက် အရေးပါတဲ့မင်းကောင်းတစ်ပါး ဖြစ်လာဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် တရားအလှူဟာ အမြတ်ဆုံးလို့ ဆိုတာပါ။
          အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်မှာလည်း ဒါနမှန်သမျှကို အာမိသဒါန-ပစ္စည်းဝတ္တုပေးလှူခြင်းနဲ့ ဓမ္မဒါန-တရားတော်ပေးလှူခြင်းလို့ နှစ်မျိုးခွဲခြားပြပါတယ်။ ဒီဒေသနာတော်မှာလည်း အာမိသဒါနထက် ဓမ္မဒါနက သာတယ်လို့ မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။
         
          ဒီတော့ ဓမ္မဒါနကို ရဟန်းတော်တွေသာ ပြုလုပ်ခွင့်ရတာလားဆိုတော့၊ မဟုတ်ပါဘူး၊ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာမ ဘယ်သူမဆို ပြုလုပ်နိုင်ပါတယ်။ ကိုယ်သိထားတဲ့တရားကို မသိသေးတဲ့သူအား ပြန်ပြောပြရင် ဓမ္မဒါနပါပဲ။ ဥပမာအားဖြင့် အရှင်အဿဇိလျောင်းလျှာ ကောလိတထံကတဆင့် အရှင်သာရိပုတ္တရာလျောင်းလျာ ဥပတိဿဟာ တရားသိခဲ့ပါတယ်။ ပြီးတော့ ဘုရားရှင်ထံကတရားနာပြီ ခုဇုတ္တရာဟာ သာမာဝတီနဲ့မောင်းမမိဿံတွေကို တရားဟောခဲ့ပါတယ်။
ဓမ္မဒါနဆိုတဲ့နေရာမှာ ပရိယတ်စာပေ သင်ကြားပို့ချခြင်း၊ တရားဟောခြင်း၊ ကျမ်းစာရေးသားခြင်းစတာတွေ ပါဝင်ပါတယ်။ ပြီးတော့ ပိဋကတ်ပင်လယ်ကိုဖြတ်ကူးဖို ပိဋကတ်စာအုပ်လှူဒါန်းခြင်းကိုလည်း ဓမ္မဒါနလို့ ဆိုနိုင်ပါတယ်။ ကိုယ်က တရားတော်ကို တိုက်ရိုက်ဟောပြပြီး လှူဒါန်းတာ မဟုတ်ပေမဲ့ မှီရာ ဥပနိဿယအနေနဲ့ကျေးဇူးပြုပြီး လှူတာပါပဲ။ ကိုယ်လှူတဲ့ စာအုပ်နဲ့ စာပေကိုလေ့လာပြီး စာပေအသိညဏ်ရင့်သန်လာမယ်၊ တရားသိသွားမယ်ဆိုရင် တရားအလှူဖြစ်သွားပါတယ်။ တရားတော်အလှူရဲ့အတိမ်အနက်ကို ထပ်ပြီးနိုင်ယှဉ်ကြည့်မယ်ဆိုရင် ဆွမ်းလှူမယ်ဆိုရင် ဆွမ်းရဲ့ အာနိသင်ဟာ တစ်ရက်ခန့််ပါပဲ၊ သင်္ကန်းလှူမယ်ဆိုရင် သင်္ကန်းရဲ့ကြာရှည်မှုဟာ ဆယ်စုနှစ်တစ်ခုခန့်ပါပဲ၊ ကျောင်းလှူမယ် ဆိုရင် ကျောင်းရဲ့ တည်တန့်မှုဟာ ရာစုနှစ်တစ်ခုခန့်ပါပဲ။ အဲဒီအတိုင်းအတာအတွင်းမှာ ကိုယ်လှူထားတဲ့အရာတွေကို သံဃာတော်တွေသုံးစွဲနေသမျှ ကုသိုလ်တွေဖြစ်နေပါမယ်။ ဓမ္မဒါနကတော့ အဲဒီထက်သာပါတယ် တရားသိသွားပြီး သိတဲ့အတိုင်းလိုက်နာကျင့်ကြံနေထိုင်လိုက်မယ်ဆိုရင် ဒီဘ၀တင်မကပါဘူး နိဗာန်မရမှီ သံသရာတစ်လျှောက်လုံး ပါရမီတွေ ရင့်သထက်ရင့်ပြီး အကျိုးတွေပေးနေမှာပါ။ ဒိထက်ချဲ့ပြောရရင် ထိုပုဂိုလ်ကဆင့် ပြန်လည်ဟောပြမယ်ဆိုရင် ပြန့်ပွားသွားမဲ့အကျိုးတွေဟာ ရေတွက်မရအောင်ပါပဲ။ ဒါ့ကြောင့် ဓမ္မဒါနဟာ အမြတ်ဆုံးလို့ ပြောတာဖြစ်ပါတယ်။
တစ်နည်း ဆန်းစစ်ကြည့်မယ်ဆိုရင် “ပရိယတ္တိယေ၀ သာသနဿ မူလံ” ဆိုတဲ့အတိုင်း သာသနာတော်ရဲ့ မူလပဓာန အရင်းအမြစ်ဟာ ပရိယတ္တိပါပဲ။ သင်ယူမှုမရှိခဲ့ရင် ကျင့်ကြံအားထုတ်မှုဟာ လွဲမှားနိုင်ပါတယ်၊ အမှားကျင့်ရင် အမှန်မသိဘဲ လမ်းလွဲနိုင်ပါတယ်။ သံသရာမှာ နစ်မွမ်းပြီး နိဗာန်နဲ့ဝေးပါလိမ့်မယ်။ ဆိုလိုတာက ပရိယတ်ရှိမှ ပဋိပတ်ရှိတယ်၊ ပဋိပတ်ရှိမှ ပဋိဝေဓရှိတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ ပြန့်ပွားဖို့ဆိုရင် သာသနာတော်ရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပရိယတ်ကို လှူဒါန်းထောက်ပန့်ခြင်းဆိုတဲ့ ရေစင်လောင်းပေးရပါမယ်။ အဲဒါမှ သာသနာတော်ဆိုတဲ့ သစ်ပင်ကြီး စည်ပင်ပြီး အသီးအပွင့်တွေ ဝေဆာမှာဖြစ်ပါတယ်။ အဲဒီလိုရေလောင်းတဲ့သူကိုတော့ သာသနာပြုသူ၊ ပညာရေးအားပေးသူ၊ အမြတ်ဆုံးအလှူ လှူဒါန်းသူလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေအားဖြင့် “ ပညာရေးအား၊ အားပေးငြားမူ၊ ထိုထိုသူမှာ၊ ပညာညဏ်ကြီး၊ ဘုန်းမီးနေလ၊ ထွန်းတောက်ပ၍၊ ဗုဒမြတ်စွာ၊ သာသနာကို၊ ရှည်ကြာတည်တံ့၊ ခိုင်ခံ့ထွန်းတောက်၊ ပြုရာရောက်၏”  လို့မိန့်ဆိုတဲ့အတိုင်း ယနေ့ (2.8.2013) သောကြာနေ့ စစ်ကိုင်းမြို့၊ မဟာသိမ်တော်ကျောင်းတိုက်၊ စာသင်သားသံဃာတော်များအတွက် ၀တ္ထုငွေ (120000) တစ်သိန်းနှစ်သောင်းတန်ဖိုးရှိ အခြေပြုသဒ္ဒါ၊ အခြေပြုသဂြိုလ်စတဲ့ စာအုပ်များလှူဒါန်းခြင်း၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မ (80000) ရှစ်သောင်းလှူဒါန်းခြင်းနှင့် အခြားသော ပစ္စည်းဝတ္တုများလှူဒါန်းသည့် ကျောက်ဆည်မြို့ “မြတ်ဖော်မွန်” စေတနာရှင်အဖွဲ့မှ ဒေါ်သန်းသန်းမွှေးအား အမြတ်ဆုံးအလှူဖြစ်သည့် ဓမ္မဒါနအလှူနှင့် တကွ အာမိသဒါနပါ မကျန်ရအောင် လှူဒါန်းသည့်အတွက်ကြောင့် အရှင်သာရိပုတ္တရာအလား ပညာညဏ်ကြီးမားလို့ နိဗာကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ၊ သံသရာတစ်ခွင် ကျင်လည်ရာမှာလည်းပဲ ဘုန်းတန်ခိုးအရှိန်အ၀ါ ညာဏ်ပညာတို့ နေလို လလို့ ထွန်းတောက်ပါစေ၊  ဒိထက်တိုးကာ တိုးကာ သာသနာပြုနိုင်တဲ့ပုဂိုလ်မွန် ပုဂိုလ်မြတ်ဖြစ်ပါစေလို့ ဆုတောင်ပတ္ထနာပြုလိုက်ပါတယ်။

အရှင်သုမင်္ဂလ (ခေတ္တ.ကိုလံဘို)
မဟာသိမ်တော်ကျောင်းတိုက်
စစ်ကိုင်းမြို့

ဖုဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
လာဘ.အလာဘ၊ ယသ.အယသ၊ နိန္ဒံ.ပသံသံ၊ သုခံ.ဒုက္ခံ ဆိုတဲ့ လောကဓံရှစ်ပါးနဲ့တွေ့ကြုံတဲ့အခါမှာ
တုန်လှုပ်မှု စိုးရိမ်မှု မရှိပဲနေနိုင်ခြင်းဟာ ကောင်းတဲ့မင်္ဂလာတစ်ပါးရယ်လို့ မင်္ဂလသုတ်မှာ မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။
အကောင်းအဆိုး လောကဓံမျိုးတွေနဲ့တွေ့တိုင်း လုံးဝ မတုန်လှုပ်တာကတော့ ဘုရား၊ ရဟန္တာတွေပဲရှိပါတယ်။ ဒါပေမဲ့ လူသားအားလုံးအတွက် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်း၊ ဆေးစွမ်းကောင်းတွေလည်းရှိပါတယ်။
          လောက လူအများစုဟာ ကိုယ်လိုချင်တာမရဘူး၊ ကိုယ်ဖြစ်ချင်တာ မဖြစ်ဘူးဆိုရင် စိတ်ညစ်ကြတယ်၊ တစ်ချို့ဆိုရင် အလွန်အကျွံကို စိတ်ညစ်ကြတယ်၊ ကိုယ်မရတာ ကိုယ်မဖြစ်တာကိုပဲ ထပ်တလဲလဲ တွေးပြီး ကိုယ့်စိတ်ကို ညှင်းဆဲနေကြတယ်။ ဒါဟာ ဖြေဆေးမသိလို့ ဖြစ်ရတဲ့ လောကဓံရဲ့ ဆိုကျိုးပါ။
         
လူရယ်လို့ဖြစ်လာရင် လူတိုင်းလူတိုင်းဟာ ပစ္စည်းဥစ္စာလည်း ပြည့်စုံချင်တယ်၊ ပညာလည်းတတ်ချင်တယ်၊ အခြံအရံလည်း များချင်တယ်၊ ကိုယ်စိတ်နှစ်ပါးလည်း ချမ်းသာချင်တယ်။ ဒါပေမဲ့ လူတိုင်းဟာ ဒါတွေ အကုန်လုံးမပြည့်စုံနိုင်ပါဘူး၊ တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်နေတာများပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့မပြည့်စုံတဲ့အရာတွေကိုတွေးပြီး စိတ်ညစ်နေမယ်၊ စိတ်ဆင်းရဲနေမယ်၊ ဟိုလူ ဒီလူကို  အပြစ်တင်နေမယ်ဆိုရင် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကိုယ်ရဲ့စိတ်ဟာ ဆိုးသထက်ဆိုးလာပြီး အဆိုးလောကဓံဟာ ခါးသထက် ခါးလာပါလိမ့်မယ်၊ ပြီးတော့ စိတ်ဓာတ်ပျော့ညံ့သူ၊ လောကဓံကို ခံနိုင်ရည်မရှိတဲ့သူ ဖြစ်သွားပါလိမ့်မယ်။
တကယ်တော့ လောကမှာ အကောင်းလောကဓံတွေချည်း တပွေ့တစ်ပိုက်ခံစားနေတဲ့လူ၊ အဆိုးလောကဓံတွေချည်း ခါးစီးပြီးခံစားနေတဲ့လူရယ်လို့မရှိပါဘူး၊ အခြေအနေ အချိန်အခါအားလျှော်စွာ အကောင်းရော အဆိုးပါဒွန်တွဲပြီးခံစားနေရတဲ့သူတွေကြည့်ပါ။ ဘာလို့လည်းဆိုတော့ လူ့ပြည်ဆိုတာ သုခဒုက္ခရောနှောထားတဲ့ဘုံပဲလေ။ အကောင်းလောကဓံပိုများတဲ့လူ၊ အဆိုးလောကဓံပိုများတဲ့လူရယ်လို့တော့ ရှိမှာပေါ့။ ဒါဟာ အတိတ်ကကိုယ်ပြုခဲ့တဲ့ကံရဲ့အကျိုးကို ကိုယ်ပြန်ခံစားရတာပါပဲ။ ဘယ်သူမပြု မိမိမှုပေါ့။
အဆိုးလောကဓံနဲ့ကြုံတွေ့တဲ့အခါ ငါ့ရဲ့ဆိုးကံတွေအကျိုးပေးတာပဲလို့နှလုံးသွင်းပြီး စိတ်ဖြေဆေးလေးသောက်လိုက်ပါ။ အဆိုးလောကဓံအပေါ် စိတ်ဆင်းရဲမှု၊ စိတ်မကျေနပ်မှုတွေနဲ့ အချိန်ဖြုန်းမနေဘဲ ကိုယ့်အလုပ်ကို အရှိန်မပျက်ဆက်လက်လုပ်ဆောင်နေလိုက်ပါ။ အဆိုးလောကဓံကြောင့် ကိုယ်ရဲ့အလုပ်တွေ ရပ်တန့်ပြီး တာဝန်တွေမလှစ်ဟင်းမိပါစေနဲ့။ အဆိုးလောကဓံလည်း အချိန်တန်ရင် ပြီးသွားမှာပါပဲ။
တကယ်တော့ ကိုယ်တွေ့ကြုံရတဲ့ လောကဓံတိုင်းကို အကောင်းဘက်ကလှည့်တွေးမယ်ဆိုရင်၊ ယောနိသောမနသိကာရဆိုတဲ့ မှန်ကန်တဲ့နှလုံးသွင်းမှုရှိမယ်ဆိုရင် အရာအားလုံးဟာ စိတ်ချမ်းသာစရာကြည့်ပါ။ ဥပမာအားဖြင့် လူပျိုကြီး အပျိုကြီးဖြစ်ရတာကို အခြံအရံမရှိလေခြင်း၊ အသက်ကြီးရင် ဆေးပေးမီးယူမရှိလေခြင်းလို့ တွေးနေမယ်ဆိုရင် စိတ်ဆင်းရဲမှု စိတ်ပင်ပန်းမှုပဲခံစားရမှာပါ။ နောက်ပြီး အထီးကျန်ဘ၀မို့ အကျည်းတန်လှပါတယ်၊ သီတင်းကျွတ်တိုင်း မျက်ရည်ဝိုင်းရပါတယ်လို့ တွေးတွေးပြီး ပူဆွေးမနေပါနဲ့။ ဒါဟာ မှန်မှန်ကန်ကန် နှစ်လုံးမသွင်းတတ်လို့၊ လောကဓံဖြေဆေး မသောက်တတ်လို့ပါ။ တကယ်တွေးရမှာက သြော်….ငါ့ဘ၀ လူပျိုကြီး အပျိုကြီးဖြစ်ရတာကံကောင်းလေစွ၊ အိမ်ထောင်ကျရင် သားရေး သမီးရေး လူမှုရေး စီးပွားရေ အရေးပေါင်းသောင်းခြောက်ထောင်နဲ့ ဒုက္ခပင်လယ် ကျယ်သထက်ကျယ်တော့မှာပါလား၊
ဒီကြားထဲ ယောက္ခမဒုက္ခ၊ ယောက်ဖဒုက္ခတွေကလည်း အဆစ်ပါနေအုံးမှာပါလား။ အခုတော့ ဒီဒုက္ခတွေကင်းလိုက်တာ သွားချင်ရာသွား၊ လုပ်ချင်တာလုပ်၊ လှူစရာရှိလည်း ငဲ့စရာမရှိ၊ တရားနာဖို့လည်း ခွင့်ပန်စရာမလို၊ တရားထိုင်ချင်လည်း နောက်ဆံမတင်းရ၊ အခုနေ သာသနာ့ဘောင်ဝင်မယ်ဆိုတောင် တားမဲ့သူမရှိ ဟန်ကျလိုက်တာ၊ ငါ့ဘ၀အရတော်လေစွလို့ တွေးလိုက်မယ်ဆိုရင် လူပျိုကြီးအပျိုကြီးဖြစ်ရတာဟာ ပူပင်မှုကင်းပြီး အေးချမ်းတဲ့ဘ၀ပါ။ ပြီးတော့ အိမ်ထောင်မပြုတဲ့သူဆိုတာ ဗြဟ္မာ့ပြည်ကလာတဲ့လူလို့ ပညာရှိတွေဆိုတယ်မဟုတ်လား။
ပြီးတော့ လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတဲ့အချက်ကို လေးလေးနက်နက်သဘောပေါက်ရင် အဆိုးလောကဓံကို ခံနိုင်ရည်ရှိဖို့ သိပ်မခက်ပါဘူး၊ အခုဆိုးနေပေမဲ့ နောင်ကောင်းလာနိုင်ပါတယ်။ မုန်းတိုင်းထန်ပြီးရင် လေပြင်လေညင်းတိုက်ခတ်တတ်ပါတယ်။ ” ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့၊ တောင်တွေးမြောက်တွေး စိတ်လေးနဲ့၊ တောင်ကြံမြောက်ကြံ မပူပန်နဲ့၊ လူမှန်သမျှ ထိုက်တန်သောအကျိုးရမည်သာ“ ဆိုတဲ့ ဆောင်ပုဒ်လေးကို နှစ်လုံးသွင်းဆင်ခြင်ပြီး ဖြေဆေးလေးသောက်လိုက်ရင် အဆိုးလောကဓံနဲ့ကြုံလည်း စိတ်ရဲ့သက်သာရာရသွားမှာပါ။
နောက်ပြီ “ လောကဓံကို တွန်းလှန်ရိုက်ချိုး အနိုင်ထိုးမယ် ကြိုးဝိုင်းထဲကငါ” ဆိုတဲ့ စိတ်ဓာတ်နဲ့ရင်ဆိုင်လိုက်ရင် လောကဓံဆိုတာကြောက်စရာမဟုတ်ဘဲ၊ တွန်းအားဖြစ်သွားပါလိမ့်မယ်။
နောက်ဆုံး အမျိုးမျိုး နှလုံးသွင်းတဲ့ကြားက လောကဓံအတွက် စိတ်ဆင်းရဲနေသေးတယ်ဆိုရင် “စိတ်ညစ်တယ် စိတ်ညစ်တယ်၊ စိတ်ဆင်းရဲတယ် စိတ်ဆင်းရဲတယ်” ဆိုပြီး အဖန်ဖန်အထပ်ထပ် ရှုမှတ်ပွားများမှု သတိပဌာန်ဝိပဿနာဆေးကို သောက်လိုက်ပါ။ သတိ သမာဓိ ပညာ အားကောင်းလာတာနဲ့အမျှ စိတ်ညစ်စရာ လောကဓံဟာ တဖြည်းဖြည်းပျောက်ကင်းသွားပါလိမ့်မယ်။

လောကဓံ ဖြေဆေးသောက်သုံးပြီး တည်ငြိမ်အေးချမ်းတဲ့ဘ၀ တည်ဆောက်နိုင်ပါစေ။

Aug 31, 2013



နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 
 
လောက တရားအမှန်တို့ကို အရှိအမှန်အတိုင်းဟောကြားတော်မူသော သုံးလောက ထွတ်ထား မတ်ဗုဒ္ဓဘုရားရှင်၏ ဆိုဆုံး မ တို့သည် လောကတည်သ၍ တည်နေသည်မှာ ဧကန်အမှန်ဖြစ်သည်..။ ဤသည်ကား သစ္စတရားဖြစ်သည်..။ကံနှင့်ကံ၏ အကျိုးပေ့း တို့ဧကန် ရှိနေခြင်းကို အရှင်မြတ်သည် ပြတ်သားစွာ ဟောကြားတော်မူခဲ့သည်..။သတ္တဝါ တစ်ဦးဦးတို့သည် မိမိတို့ပြုသောကံသုံး ပါးအတွက် ထပ်တူ ကျသော အကျိုးအပြစ်တို့သည် ပြုလိုက်သည်နှင့်ကပ်လျက်တွင် အဆင်သင့်ရှိနေမည် ဖြစ်သည်..။ကံ သုံးပါးအမှုကို ထိုသတ္တဝါသည် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ မသိချင်ယောင်ဆောင်၍ ပြုလိုက်မိပါက ထိုအမှုအတွက်အကျိုးအပြစ်တို့သည် လိုချင်သည် ဖြစ်စေ မလိုချင်သည်ဖြစ်စေ ဧကန်လက်ခံရမည်သာဖြစ်သည်..။ ထို့ပြင် သတ္တဝါတို့၏ ဒုက္ခအမှန်ကိုလည်းကောင်း၊ ဒုက္ခဖြစ်ရခြင်း၏ အကြောင်းရင်းမှန်ကိုလည်းကောင်း၊ ဒုက္ခအပေါင်းကင်းဝေးရာကိုလည်းကောင်း၊ ဒုက္ခကင်းဝေးကြောင်းအမှန်လမ်းကိုလည်းကောင်း ညွှန်ပြတော်မူသော ဗုဒ္ဓ၏အဆုံးအမတို့သည် ပမာနှိုင်းစရာမရှိ ကောင်းကျိုးတို့ဖြစ်နေစေသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်..။

Read More on www.angalkaung.com