၁. ကတရံ ဒါနံ နုခေါ ဒါနေသု- အလှူဒါနမှန်သမျှထဲမှာ ဘယ်ဒါနက အမြတ်ဆုံးလဲ?
၂. ကတရော ရသော ရသေသု- အရသာမှန်သမျှထဲမှာ ဘယ်အရသာက အမြတ်ဆုံးလဲ?
၃. ကတရာ ရတိ ရတီသု ဇေဌတာ- ပျော်မွေ့စရာမှန်သမျှထဲမှာ ဘယ်အရာနဲ့မွေ့လျော်တာ အမြတ်ဆုံးလဲ?
၎. တဏှက္ခယောဝ ကသ္မာ ဇေဌတော-တဏှာကုန်ခြင်းကိုသာ ဘာကြောင့် အမြတ်ဆုံးလိုပြောတာလဲ?
ဆိုတဲ့ ပြဿနာလေးခု ပေါ်ပေါက်ခဲ့တယ်။
အဲဒီရဲ့ အဖြေကို (12) ကြာတဲ့အထိ စကြာဝဠာတစ်ခုလုံးလိုက်ရှာတာ မသိကြဘူး၊ နောက်တော့ နတ်မင်းကြီးလေးယောက်ထံ သွားမေးတယ်၊ သူတို့လည်း မသိဘူး၊ သူ့တို့ထက် တန်ခိုးကြီးတဲ့ သိကြားမင်းထံသွားမေးလို့ ညွန်လိုက်တယ်၊ သိကြားမင်းထံရောက်တော့ သိကြားမင်းက “အေး ဒီတရားတွေဟာ ဘုရားမှတစ်ပါး အခြားဘယ်သူမှ မသိနိုင်ဘူး၊ အခု လူ့ပြည့်မှာ ဘုရားပွင့်နေပြီ၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတယ်၊ လာ လိုက်ခဲ့ကြ ဘုရားထံ မေးပေးမယ်” ဆိုပြီး ဇေတ၀န်ကျောင်းရောက်လာတယ်။ ရောက်တာနဲ့ပဲ သိကြားမင်းက ဘုရားကို ပြဿနာမေးခွင့်တောင်းပြီး အထက်ပါ မေးခွန်းလေးရပ်ကို မေးလိုက်တယ်။ ဒီတော့ ဘုရားရှင်က “ကောင်းပြီ ငါဟာ ပါရမီတော်တွေဖြည့်ကျင့်ပြီး ဘုရားဖြစ်ခဲ့တယ်ဆိုတာ ပညာမျက်စိ ကန်းနေတဲ့သူတွေကို ပညာမျက်စိ အလင်းရဖို့၊ သင်တို့လို သံသယဖြစ်နေတဲ့သူတွေရဲ့ သံသယကို ပယ်ဖျောက်ပေးဖို့ဖြစ်တယ်” ဆိုပြီး-
၁. သဗဒါနံ ဓမ္မဒါနံ ဇိနာတိ- အလှူဒါနမှန်သမျှထဲမှာ တရားအလှူက အမြတ်ဆုံး၊
၂. သဗရသံ ဓမ္မရသော ဇိနာတိ- အရသာမှန်သမျှထဲမှာ တရားအရသာက အမြတ်ဆုံး၊
၃. သဗရတိံ ဓမ္မရတိ ဇိနာတိ- ပျော်မွေ့စရာမှန်သမျှထဲမှာ တရားနဲ့မွေ့လျော်တာက အမြတ်ဆုံး၊
၎.တဏှာက္ခယော သဗဒုက္ခံ ဇိနာတိ- ဒုက္ခအားလုံး ချုပ်ငြိမ်းကြောင်းဖြစ်လို့ တဏှာရဲ့ကုန်ခြင်းက အမြတ်ဆုံး
ဖြစ်တယ်လို့ သိကြားမင်းရဲ့ မေးခွန်းကို ဖြေကြားလိုက်တယ်။
ဒီနေရာမှာ အလှူဒါနမှန်သမျှထဲမှာ ဓမ္မဒါနက အမြတ်ဆုံးဆိုတဲ့ စကားရပ်ကိုပဲ အဌကထာအလိုကျ တင်ပြလိုပါတယ်။ ဓမ္မဒါနဟာ ဘယ်လောက်ထိ အကျိုးကြီးမားသလဲဆိုရင် စကြာဝဠာတစ်ခုလုံးမှာရှိတဲ့ ပစ္စေကဗုဒါ ရဟန္တာတွေကို သင်္ကန်းစတဲ့ပစ္စည်းဝတ္ထုလှူဒါန်းခြင်းထက် လေးပါဒမျှရှိတဲ့ ဂါထာတစ်ပုဒ်ကို ဟောပြောပြသ ဓမ္မဒါနပြုခြင်းက ပိုမြတ်တယ်လို့ဆိုပါတယ်။ တိတိကျကျပြောရရင် အဲဒီလို ပစ္စည်းဝတ္ထုလှူခြင်းဟာ ဂါထာတစ်ပုဒ်ပေးလှူခြင်းရဲ့ ဆယ့်ခြောက်ဖို့ တစ်ဖို့ပဲရှိပါတယ်။ ထင်ရှားအောင် ထပ်ပြောရရင် ဓမ္မဒါနဟာ အနာထပိဏ် ၀ိသာခါစတဲ့ အလှူရှင်တွေရဲ့ သင်္ကန်း ကျောင်းအလှူတွေထက် မြတ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သူတို့ဟာ တရားမနာရရင်၊ တရားမသိရင် အခုလိုသာသနာတော်အတွက်အရေးပါတဲ့ အလှူရှင်တွေဖြစ်မလာပါဘူး။ ကုန်ကုန်ပြောရရင် တရားမနာရလို့ တရားမသိရင် ဆွမ်းတစ်ဆွမ်းမျှလောင်းလှူဖော်ရမှာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် ပညာအရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာတောင်မှ ကိုယ်ပိုင်ညဏ်နဲ့တရားသိတာမဟုတ်ပါဘူး၊ အရှင်အဿဇိထံက ဂါထာတစ်ပုဒ်နာပြီးမှ သောတာပန်ဖြစ်တာပါ။ ပြီးတော့ ဘုရားပရိနိဗာန်ဝင်စံပြီး နောက်ပိုင်း သာသနာ့သမိုင်းမှာ အလွန်ထင်ရှားတဲ့ အသောကဘုရင်ရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်ပါ၊ ငယ်နာမည်က အသောက၊ စစ်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲနွဲလာလိုက်တာ စဏ္ဍာသောက-အလွန်ကြမ်းတမ်းတဲ့အသောကဖြစ်ခဲ့ပါတယ်။ နောက်တော့မှ ဘုရားရှင်ရဲ့အဆုံးအမ တရားတော်နဲ့တွေ့လိုက်လို့ သီရိဓမ္မာသောက-ကျက်သရေရှိပြီး တရားရှိတဲ့အသောက လို့ဖြစ်လာတာပါ။ တရားနဲ့မတွေ့ခဲ့ရင် သာသနာတော်အတွက် အရေးပါတဲ့မင်းကောင်းတစ်ပါး ဖြစ်လာဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် တရားအလှူဟာ အမြတ်ဆုံးလို့ ဆိုတာပါ။
အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်မှာလည်း ဒါနမှန်သမျှကို အာမိသဒါန-ပစ္စည်းဝတ္တုပေးလှူခြင်းနဲ့ ဓမ္မဒါန-တရားတော်ပေးလှူခြင်းလို့ နှစ်မျိုးခွဲခြားပြပါတယ်။ ဒီဒေသနာတော်မှာလည်း အာမိသဒါနထက် ဓမ္မဒါနက သာတယ်လို့ မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။
ဒီတော့ ဓမ္မဒါနကို ရဟန်းတော်တွေသာ ပြုလုပ်ခွင့်ရတာလားဆိုတော့၊ မဟုတ်ပါဘူး၊ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာမ ဘယ်သူမဆို ပြုလုပ်နိုင်ပါတယ်။ ကိုယ်သိထားတဲ့တရားကို မသိသေးတဲ့သူအား ပြန်ပြောပြရင် ဓမ္မဒါနပါပဲ။ ဥပမာအားဖြင့် အရှင်အဿဇိလျောင်းလျှာ ကောလိတထံကတဆင့် အရှင်သာရိပုတ္တရာလျောင်းလျာ ဥပတိဿဟာ တရားသိခဲ့ပါတယ်။ ပြီးတော့ ဘုရားရှင်ထံကတရားနာပြီ ခုဇုတ္တရာဟာ သာမာဝတီနဲ့မောင်းမမိဿံတွေကို တရားဟောခဲ့ပါတယ်။
ဓမ္မဒါနဆိုတဲ့နေရာမှာ ပရိယတ်စာပေ သင်ကြားပို့ချခြင်း၊ တရားဟောခြင်း၊ ကျမ်းစာရေးသားခြင်းစတာတွေ ပါဝင်ပါတယ်။ ပြီးတော့ ပိဋကတ်ပင်လယ်ကိုဖြတ်ကူးဖို ပိဋကတ်စာအုပ်လှူဒါန်းခြင်းကိုလည်း ဓမ္မဒါနလို့ ဆိုနိုင်ပါတယ်။ ကိုယ်က တရားတော်ကို တိုက်ရိုက်ဟောပြပြီး လှူဒါန်းတာ မဟုတ်ပေမဲ့ မှီရာ ဥပနိဿယအနေနဲ့ကျေးဇူးပြုပြီး လှူတာပါပဲ။ ကိုယ်လှူတဲ့ စာအုပ်နဲ့ စာပေကိုလေ့လာပြီး စာပေအသိညဏ်ရင့်သန်လာမယ်၊ တရားသိသွားမယ်ဆိုရင် တရားအလှူဖြစ်သွားပါတယ်။ တရားတော်အလှူရဲ့အတိမ်အနက်ကို ထပ်ပြီးနိုင်ယှဉ်ကြည့်မယ်ဆိုရင် ဆွမ်းလှူမယ်ဆိုရင် ဆွမ်းရဲ့ အာနိသင်ဟာ တစ်ရက်ခန့််ပါပဲ၊ သင်္ကန်းလှူမယ်ဆိုရင် သင်္ကန်းရဲ့ကြာရှည်မှုဟာ ဆယ်စုနှစ်တစ်ခုခန့်ပါပဲ၊ ကျောင်းလှူမယ် ဆိုရင် ကျောင်းရဲ့ တည်တန့်မှုဟာ ရာစုနှစ်တစ်ခုခန့်ပါပဲ။ အဲဒီအတိုင်းအတာအတွင်းမှာ ကိုယ်လှူထားတဲ့အရာတွေကို သံဃာတော်တွေသုံးစွဲနေသမျှ ကုသိုလ်တွေဖြစ်နေပါမယ်။ ဓမ္မဒါနကတော့ အဲဒီထက်သာပါတယ် တရားသိသွားပြီး သိတဲ့အတိုင်းလိုက်နာကျင့်ကြံနေထိုင်လိုက်မယ်ဆိုရင် ဒီဘ၀တင်မကပါဘူး နိဗာန်မရမှီ သံသရာတစ်လျှောက်လုံး ပါရမီတွေ ရင့်သထက်ရင့်ပြီး အကျိုးတွေပေးနေမှာပါ။ ဒိထက်ချဲ့ပြောရရင် ထိုပုဂိုလ်ကဆင့် ပြန်လည်ဟောပြမယ်ဆိုရင် ပြန့်ပွားသွားမဲ့အကျိုးတွေဟာ ရေတွက်မရအောင်ပါပဲ။ ဒါ့ကြောင့် ဓမ္မဒါနဟာ အမြတ်ဆုံးလို့ ပြောတာဖြစ်ပါတယ်။
တစ်နည်း ဆန်းစစ်ကြည့်မယ်ဆိုရင် “ပရိယတ္တိယေ၀ သာသနဿ မူလံ” ဆိုတဲ့အတိုင်း သာသနာတော်ရဲ့ မူလပဓာန အရင်းအမြစ်ဟာ ပရိယတ္တိပါပဲ။ သင်ယူမှုမရှိခဲ့ရင် ကျင့်ကြံအားထုတ်မှုဟာ လွဲမှားနိုင်ပါတယ်၊ အမှားကျင့်ရင် အမှန်မသိဘဲ လမ်းလွဲနိုင်ပါတယ်။ သံသရာမှာ နစ်မွမ်းပြီး နိဗာန်နဲ့ဝေးပါလိမ့်မယ်။ ဆိုလိုတာက ပရိယတ်ရှိမှ ပဋိပတ်ရှိတယ်၊ ပဋိပတ်ရှိမှ ပဋိဝေဓရှိတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ ပြန့်ပွားဖို့ဆိုရင် သာသနာတော်ရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပရိယတ်ကို လှူဒါန်းထောက်ပန့်ခြင်းဆိုတဲ့ ရေစင်လောင်းပေးရပါမယ်။ အဲဒါမှ သာသနာတော်ဆိုတဲ့ သစ်ပင်ကြီး စည်ပင်ပြီး အသီးအပွင့်တွေ ဝေဆာမှာဖြစ်ပါတယ်။ အဲဒီလိုရေလောင်းတဲ့သူကိုတော့ သာသနာပြုသူ၊ ပညာရေးအားပေးသူ၊ အမြတ်ဆုံးအလှူ လှူဒါန်းသူလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေအားဖြင့် “ ပညာရေးအား၊ အားပေးငြားမူ၊ ထိုထိုသူမှာ၊ ပညာညဏ်ကြီး၊ ဘုန်းမီးနေလ၊ ထွန်းတောက်ပ၍၊ ဗုဒမြတ်စွာ၊ သာသနာကို၊ ရှည်ကြာတည်တံ့၊ ခိုင်ခံ့ထွန်းတောက်၊ ပြုရာရောက်၏” လို့မိန့်ဆိုတဲ့အတိုင်း ယနေ့ (2.8.2013) သောကြာနေ့ စစ်ကိုင်းမြို့၊ မဟာသိမ်တော်ကျောင်းတိုက်၊ စာသင်သားသံဃာတော်များအတွက် ၀တ္ထုငွေ (120000) တစ်သိန်းနှစ်သောင်းတန်ဖိုးရှိ အခြေပြုသဒ္ဒါ၊ အခြေပြုသဂြိုလ်စတဲ့ စာအုပ်များလှူဒါန်းခြင်း၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မ (80000) ရှစ်သောင်းလှူဒါန်းခြင်းနှင့် အခြားသော ပစ္စည်းဝတ္တုများလှူဒါန်းသည့် ကျောက်ဆည်မြို့ “မြတ်ဖော်မွန်” စေတနာရှင်အဖွဲ့မှ ဒေါ်သန်းသန်းမွှေးအား အမြတ်ဆုံးအလှူဖြစ်သည့် ဓမ္မဒါနအလှူနှင့် တကွ အာမိသဒါနပါ မကျန်ရအောင် လှူဒါန်းသည့်အတွက်ကြောင့် အရှင်သာရိပုတ္တရာအလား ပညာညဏ်ကြီးမားလို့ နိဗာကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ၊ သံသရာတစ်ခွင် ကျင်လည်ရာမှာလည်းပဲ ဘုန်းတန်ခိုးအရှိန်အ၀ါ ညာဏ်ပညာတို့ နေလို လလို့ ထွန်းတောက်ပါစေ၊ ဒိထက်တိုးကာ တိုးကာ သာသနာပြုနိုင်တဲ့ပုဂိုလ်မွန် ပုဂိုလ်မြတ်ဖြစ်ပါစေလို့ ဆုတောင်ပတ္ထနာပြုလိုက်ပါတယ်။
အရှင်သုမင်္ဂလ (ခေတ္တ.ကိုလံဘို)
မဟာသိမ်တော်ကျောင်းတိုက်
စစ်ကိုင်းမြို့
0 မှတ်ချက်များ:
Post a Comment