
ဒါနဆိုတာ စေတနာဒါနနဲ့ဝတ္ထုဒါနလို့ နှစ်မျိုးရှိပါတယ်။ ဆွမ်း သင်္ကန်း ကျောင်း ဆေး စတဲ့ပစ္စည်းလေးပါးကိုတော့ ၀တ္ထုဒါနလို့ခေါ်ပြီး
ဒါနပြုတဲ့နေရာမှာ ၀တ္ထုဒါနက တရားသဖြင့်ရအပ်တဲ့ပစ္စည်းဖြစ်ဖို့လိုအပ်သလို့ စေတနာဒါနကလည်း ဖြူစင်မြင့်မြတ်ဖို့၊ မှန်ကန်ဖို့ လိုအပ်ပါတယ်။
ဘယ်လိုစေတနာမှန်ရမလဲဆိုရင် ကိုယ့်ရဲ့ဒါနကြောင့် အလှူခံတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ပါစေ၊ သာသနာတော်အတွက် အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန်ရဲ့အထောက်အပံဖြစ်ပါစေဆိုတဲ့ စေတနာမှန်ဖြစ်နေရပါမယ်။ ငါ ဒါတွေလှူတဲ့အတွက် ငါ့မှာ ဒီအကျိုးတွေရပါစေ ဆိုတဲ့ တဏှာဆန္ဒကို ခ၀ါချထားလိုက်ပါ။ အဲဒီလိုစေတနာမှန်နဲ့ လှူမယ်ဆိုရင် မြတ်သောဒါနပါ။ ဘုရားစတဲ့သူတော်ကောင်းကြီးတွေ သာဓုခေါ်တဲ့ဒါနပါ။ လှူဖွယ်ဝတ္ထုက တန်ဖိုမကြီးပေမဲ့ အလှူသေးသေးလေး၊ အလှူပိန်လေးရယ်လို့ စိတ်ထဲမှာမဖြစ်သင့်ပါဘူး။
ဥပမာအားဖြင့် မောင်ပုဏနဲ့မယ်ဘဒ္ဒါတဲ့ရဲ့ ဒါနကိုကြည့်လိုက်ပါ။ ၀တ္ထုဒါနက မပြောပလောက်ပါဘူး။ မောင်ပုဏလှူတာက ဒါန်ပူတဲ့ ရေအေးအေးလေးပါ။ မယ်ဘဒ္ဒါလှူတာက တစ်ပါးစာအတွက် ဆွမ်းတစ်နပ်ပါ။ စေတနာကတော့ တိုင်းဆလို့ရမယ် မထင်ပါဘူး။ အလှူရှင်တွေ ကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ပြီးတော့ မောင်လှူတော့ မယ်ကြည့်ဖြူ၊ မယ်လှူတော့ မောင်ကျေနပ်ဆိုသလို့ တစ်ယောက်ပြုတဲ့ကုသိုလ်ကို တစ်ယောက်က သာဓုခေါ်ပြီ အပရစေတနာတွေပွားလိုက်တာ မြေကြီးက ရွှေသီးတဲ့အထိပါပဲ။ နောက်ပြီး တန်ဖိုးနည်းတဲ့ လမ်းဘေးက မြတ်လေးပန်းလေးကို လှူဒါန်းတဲ့ သူငယ်မတောင် နတ်ပြည်ကိုရောက်ခဲ့တယ်လေ။ ဒါတွေဟာ ၀တ္ထုဒါနသေးငယ်သော်လည်း စေတနာဒါနမှန်ကန်တဲ့အတွက် “ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် အကျိုးရတယ်” ဆိုတဲ့သာဓကတွေပါ။
တစ်ချို့သူတွေဟာ သာသနာတော်အတွက် အရေးမကြီးတဲ့နေရာတွေမှာ သိန်းပေါင်းများစွာအကုန်ကျခံပြီး ငါမို့လို့ ဒီလိုလှူနိုင်တယ်၊ ငါလို လှူနိုင်တဲ့သူမရှိပါဘူးဆိုတဲ့ မာနတွေ ရှေ့တန်းတင်၊ လူအများအထင်ကြီးစေလိုမှု၊ နေရာရလိုမှုစတဲ့ တဏှာဆန္ဒတွေ ဦးစီးပြီး ၀တ္ထုဒါန ကြီးကြီးမားမာလှူတတ်ကြပါတယ်။ အဲဒီဒါနမျိုးကို ဘုရားစတဲ့သူတော်ကောင်းကြီးတွေ မချီးမွှမ်းပါဘူး၊ မြတ်သောဒါနလည်း မဖြစ်ပါဘူး၊ ကြီးကျယ်ခမ်းနာတဲ့ဒါန၊ ပကာသနတွေများတဲ့ ဒါနလို့ပဲ အမည်တပ်ရပါမယ်။ အဲဒီ ဒါနမျိုးကိုတော့ ၀တ္ထုဒါနကြီးမားသော်လည်း စေတနာဒါနမမှန်တဲ့အတွက် “ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့ လောက်ရတဲ့ဒါန” လို့ဆိုပါတယ်။
အထူးသတိပြုရမှာက ကိုယ့်ရဲ့ဝတ္ထုဒါန များသည်နည်းသည်ထက် ကိုယ်ရဲ့စေတနာဒါန မှန်သည် မမှန်သည်ကို သတိထားရမယ်ဆိုတဲ့အချက်ပါ။ တစ်ခုရှိတာက တရားသဖြင့်ရလာတဲ့ ၀တ္ထုဒါနကလည်း ကြီးသထက်ကြီး၊ စေတနာဒါနကလည်း ဖြူစင်ဖွေးလတ် မှန်သထက်မှန်တယ်ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်းနဲ့ကုက္ကား “ရွှေဖလား ငွေနားကွတ်” ဆိုသလိုပဲပေါ့။
နောက်ဆုံး ကိုယ်ပြုတဲ့ဒါနအတွက် မြတ်သောဒါနဖြစ်စေဖို့ နိဗ္ဗာန်ကိုဦးတည်ပြီ
“အလှူပေး အလှူခံ၊ ဤနှစ်တန်နှင့်၊
လှူဖွယ်ဝတ္ထု၊ ပစ္စည်းစုသည်၊
မမြဲခြင်း………..အနိစ္စပါတကား၊
ဆင်းရဲခြင်း………..ဒုက္ခပါတကား၊
အစိုးမရ………..အနတ္တပါတကား လို့
လက္ခဏာရေးသုံးချက် ထင်မြင်အောင်မှတ်ပြီ လှူဒါန်းနိုင်ဖို့ပါပဲ။ ဒါဆိုရင် မြတ်သောဒါနဖြစ်ပါပြီ။
ကြီးသောဒါန မပြုနိုင်ရင် ရှိပါစေ။
မြတ်သောဒါန ပြုနိုင်ပါစေ။
0 မှတ်ချက်များ:
Post a Comment