အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
လာဘ.အလာဘ၊ ယသ.အယသ၊ နိန္ဒံ.ပသံသံ၊ သုခံ.ဒုက္ခံ ဆိုတဲ့ လောကဓံရှစ်ပါးနဲ့တွေ့ကြုံတဲ့အခါမှာ
တုန်လှုပ်မှု စိုးရိမ်မှု မရှိပဲနေနိုင်ခြင်းဟာ ကောင်းတဲ့မင်္ဂလာတစ်ပါးရယ်လို့ မင်္ဂလသုတ်မှာ မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။
အကောင်းအဆိုး လောကဓံမျိုးတွေနဲ့တွေ့တိုင်း လုံးဝ မတုန်လှုပ်တာကတော့ ဘုရား၊ ရဟန္တာတွေပဲရှိပါတယ်။ ဒါပေမဲ့ လူသားအားလုံးအတွက် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်း၊ ဆေးစွမ်းကောင်းတွေလည်းရှိပါတယ်။
လောက လူအများစုဟာ ကိုယ်လိုချင်တာမရဘူး၊ ကိုယ်ဖြစ်ချင်တာ မဖြစ်ဘူးဆိုရင် စိတ်ညစ်ကြတယ်၊ တစ်ချို့ဆိုရင် အလွန်အကျွံကို စိတ်ညစ်ကြတယ်၊ ကိုယ်မရတာ ကိုယ်မဖြစ်တာကိုပဲ ထပ်တလဲလဲ တွေးပြီး ကိုယ့်စိတ်ကို ညှင်းဆဲနေကြတယ်။ ဒါဟာ ဖြေဆေးမသိလို့ ဖြစ်ရတဲ့ လောကဓံရဲ့ ဆိုကျိုးပါ။
လူရယ်လို့ဖြစ်လာရင် လူတိုင်းလူတိုင်းဟာ ပစ္စည်းဥစ္စာလည်း ပြည့်စုံချင်တယ်၊ ပညာလည်းတတ်ချင်တယ်၊ အခြံအရံလည်း များချင်တယ်၊ ကိုယ်စိတ်နှစ်ပါးလည်း ချမ်းသာချင်တယ်။ ဒါပေမဲ့ လူတိုင်းဟာ ဒါတွေ အကုန်လုံးမပြည့်စုံနိုင်ပါဘူး၊ တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်နေတာများပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့မပြည့်စုံတဲ့အရာတွေကိုတွေးပြီး စိတ်ညစ်နေမယ်၊ စိတ်ဆင်းရဲနေမယ်၊ ဟိုလူ ဒီလူကို အပြစ်တင်နေမယ်ဆိုရင် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကိုယ်ရဲ့စိတ်ဟာ ဆိုးသထက်ဆိုးလာပြီး အဆိုးလောကဓံဟာ ခါးသထက် ခါးလာပါလိမ့်မယ်၊ ပြီးတော့ စိတ်ဓာတ်ပျော့ညံ့သူ၊ လောကဓံကို ခံနိုင်ရည်မရှိတဲ့သူ ဖြစ်သွားပါလိမ့်မယ်။
တကယ်တော့ လောကမှာ အကောင်းလောကဓံတွေချည်း တပွေ့တစ်ပိုက်ခံစားနေတဲ့လူ၊ အဆိုးလောကဓံတွေချည်း ခါးစီးပြီးခံစားနေတဲ့လူရယ်လို့မရှိပါဘူး၊ အခြေအနေ အချိန်အခါအားလျှော်စွာ အကောင်းရော အဆိုးပါဒွန်တွဲပြီးခံစားနေရတဲ့သူတွေကြည့်ပါ။ ဘာလို့လည်းဆိုတော့ လူ့ပြည်ဆိုတာ သုခဒုက္ခရောနှောထားတဲ့ဘုံပဲလေ။ အကောင်းလောကဓံပိုများတဲ့လူ၊ အဆိုးလောကဓံပိုများတဲ့လူရယ်လို့တော့ ရှိမှာပေါ့။ ဒါဟာ အတိတ်ကကိုယ်ပြုခဲ့တဲ့ကံရဲ့အကျိုးကို ကိုယ်ပြန်ခံစားရတာပါပဲ။ ဘယ်သူမပြု မိမိမှုပေါ့။
အဆိုးလောကဓံနဲ့ကြုံတွေ့တဲ့အခါ ငါ့ရဲ့ဆိုးကံတွေအကျိုးပေးတာပဲလို့နှလုံးသွင်းပြီး စိတ်ဖြေဆေးလေးသောက်လိုက်ပါ။ အဆိုးလောကဓံအပေါ် စိတ်ဆင်းရဲမှု၊ စိတ်မကျေနပ်မှုတွေနဲ့ အချိန်ဖြုန်းမနေဘဲ ကိုယ့်အလုပ်ကို အရှိန်မပျက်ဆက်လက်လုပ်ဆောင်နေလိုက်ပါ။ အဆိုးလောကဓံကြောင့် ကိုယ်ရဲ့အလုပ်တွေ ရပ်တန့်ပြီး တာဝန်တွေမလှစ်ဟင်းမိပါစေနဲ့။ အဆိုးလောကဓံလည်း အချိန်တန်ရင် ပြီးသွားမှာပါပဲ။
တကယ်တော့ ကိုယ်တွေ့ကြုံရတဲ့ လောကဓံတိုင်းကို အကောင်းဘက်ကလှည့်တွေးမယ်ဆိုရင်၊ ယောနိသောမနသိကာရဆိုတဲ့ မှန်ကန်တဲ့နှလုံးသွင်းမှုရှိမယ်ဆိုရင် အရာအားလုံးဟာ စိတ်ချမ်းသာစရာကြည့်ပါ။ ဥပမာအားဖြင့် လူပျိုကြီး အပျိုကြီးဖြစ်ရတာကို အခြံအရံမရှိလေခြင်း၊ အသက်ကြီးရင် ဆေးပေးမီးယူမရှိလေခြင်းလို့ တွေးနေမယ်ဆိုရင် စိတ်ဆင်းရဲမှု စိတ်ပင်ပန်းမှုပဲခံစားရမှာပါ။ နောက်ပြီး အထီးကျန်ဘ၀မို့ အကျည်းတန်လှပါတယ်၊ သီတင်းကျွတ်တိုင်း မျက်ရည်ဝိုင်းရပါတယ်လို့ တွေးတွေးပြီး ပူဆွေးမနေပါနဲ့။ ဒါဟာ မှန်မှန်ကန်ကန် နှစ်လုံးမသွင်းတတ်လို့၊ လောကဓံဖြေဆေး မသောက်တတ်လို့ပါ။ တကယ်တွေးရမှာက သြော်….ငါ့ဘ၀ လူပျိုကြီး အပျိုကြီးဖြစ်ရတာကံကောင်းလေစွ၊ အိမ်ထောင်ကျရင် သားရေး သမီးရေး လူမှုရေး စီးပွားရေ အရေးပေါင်းသောင်းခြောက်ထောင်နဲ့ ဒုက္ခပင်လယ် ကျယ်သထက်ကျယ်တော့မှာပါလား၊
ဒီကြားထဲ ယောက္ခမဒုက္ခ၊ ယောက်ဖဒုက္ခတွေကလည်း အဆစ်ပါနေအုံးမှာပါလား။ အခုတော့ ဒီဒုက္ခတွေကင်းလိုက်တာ သွားချင်ရာသွား၊ လုပ်ချင်တာလုပ်၊ လှူစရာရှိလည်း ငဲ့စရာမရှိ၊ တရားနာဖို့လည်း ခွင့်ပန်စရာမလို၊ တရားထိုင်ချင်လည်း နောက်ဆံမတင်းရ၊ အခုနေ သာသနာ့ဘောင်ဝင်မယ်ဆိုတောင် တားမဲ့သူမရှိ ဟန်ကျလိုက်တာ၊ ငါ့ဘ၀အရတော်လေစွလို့ တွေးလိုက်မယ်ဆိုရင် လူပျိုကြီးအပျိုကြီးဖြစ်ရတာဟာ ပူပင်မှုကင်းပြီး အေးချမ်းတဲ့ဘ၀ပါ။ ပြီးတော့ အိမ်ထောင်မပြုတဲ့သူဆိုတာ ဗြဟ္မာ့ပြည်ကလာတဲ့လူလို့ ပညာရှိတွေဆိုတယ်မဟုတ်လား။
ပြီးတော့ လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတဲ့အချက်ကို လေးလေးနက်နက်သဘောပေါက်ရင် အဆိုးလောကဓံကို ခံနိုင်ရည်ရှိဖို့ သိပ်မခက်ပါဘူး၊ အခုဆိုးနေပေမဲ့ နောင်ကောင်းလာနိုင်ပါတယ်။ မုန်းတိုင်းထန်ပြီးရင် လေပြင်လေညင်းတိုက်ခတ်တတ်ပါတယ်။ ” ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့၊ တောင်တွေးမြောက်တွေး စိတ်လေးနဲ့၊ တောင်ကြံမြောက်ကြံ မပူပန်နဲ့၊ လူမှန်သမျှ ထိုက်တန်သောအကျိုးရမည်သာ“ ဆိုတဲ့ ဆောင်ပုဒ်လေးကို နှစ်လုံးသွင်းဆင်ခြင်ပြီး ဖြေဆေးလေးသောက်လိုက်ရင် အဆိုးလောကဓံနဲ့ကြုံလည်း စိတ်ရဲ့သက်သာရာရသွားမှာပါ။
နောက်ပြီ “ လောကဓံကို တွန်းလှန်ရိုက်ချိုး အနိုင်ထိုးမယ် ကြိုးဝိုင်းထဲကငါ” ဆိုတဲ့ စိတ်ဓာတ်နဲ့ရင်ဆိုင်လိုက်ရင် လောကဓံဆိုတာကြောက်စရာမဟုတ်ဘဲ၊ တွန်းအားဖြစ်သွားပါလိမ့်မယ်။
နောက်ဆုံး အမျိုးမျိုး နှလုံးသွင်းတဲ့ကြားက လောကဓံအတွက် စိတ်ဆင်းရဲနေသေးတယ်ဆိုရင် “စိတ်ညစ်တယ် စိတ်ညစ်တယ်၊ စိတ်ဆင်းရဲတယ် စိတ်ဆင်းရဲတယ်” ဆိုပြီး အဖန်ဖန်အထပ်ထပ် ရှုမှတ်ပွားများမှု သတိပဌာန်ဝိပဿနာဆေးကို သောက်လိုက်ပါ။ သတိ သမာဓိ ပညာ အားကောင်းလာတာနဲ့အမျှ စိတ်ညစ်စရာ လောကဓံဟာ တဖြည်းဖြည်းပျောက်ကင်းသွားပါလိမ့်မယ်။
လောကဓံ ဖြေဆေးသောက်သုံးပြီး တည်ငြိမ်အေးချမ်းတဲ့ဘ၀ တည်ဆောက်နိုင်ပါစေ။
0 မှတ်ချက်များ:
Post a Comment