မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာ ၀င်တွေဟာ မိမိတို့ရဲ့သန္တာန်မှာ ကုသိုလ်တရားများ အမြဲကိန်းအောင်စေဖို့ နှစ်စဉ်ဖြစ်စေ လစဉ်ဖြစ်စေ ဘာသာရေးပွဲတော်များကျင်းပလေ့ရှိပါတယ်။
(24.05.2013) ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြဲမပြတ် အမှတ်ရစရာ အမြင့်မြတ်ဆုံး နေ့ထူးနေ့မြတ် ကြီးဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် “ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန် ကဆုန် လပြည့်ကြုံ၊” ဟုဆိုသည့်အတိုင်း မြတ်ဗုဒ္ဓဟာ ဒီ ကဆုန်လပြည့်နေ့မှာပဲ-
(၁) ဒီပင်္ကရာဘုရားခြေတော်ရင်းမှာ ဘုရားအဖြစ်ရဖို့ ဆုပန်တော်မူခဲ့ပါတယ်။
(၂) မဟာသက္ကရာဇ် (၆၈)ခု၊ကဆုန်လပြည့်(သောကြာနေ့)မှာ ဖွားမြင်တော်မူခဲ့ပါတယ်။
(၃) မဟာသက္ကရာဇ်(၁၀၃)ခုနှစ်ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့)မှာဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်။
(၃) မဟာသက္ကရာဇ်(၁၀၄)ခုနှစ် ကဆုန်လပြည့်တွင် ဗုဒ္ဓဝင်အကျဉ်းကိုဟောတော်မူခဲ့ ပါတယ်။
(၄) မဟာသက္ကရာဇ်(၁၄၈)ခုနှစ်ကဆုန်လပြည့်(အင်္ဂါနေ့)မှာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ် ဒါကြောင့် ဘုရားရှင်ရဲ့ ဘဝ အစ အလယ် အဆုံးဟာ ကဆုန်လပြည့်နေမှာဖြစ်တဲ့အတွက် အင်မတန်ထူးခြားပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် မမေ့နိုင်စရာ ဂုဏ်ယူစရာနေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
အထက်ပါ ဂုဏ်အင်္ဂါတွေနဲ့ပြည့်စုံတဲ့အတွက် မြန်မာအပါအ၀င် ဗုဒ္ဓဘာသာဝင်နိုင်ငံများမှာ မိမိတို့ရဲ့နိုင်ငံအလိုက် အခေါ်အဝေါ်အမျိုးမျိုး ပူဇော်ပုံအဖုံဖုံတွေနဲ့ နေ့ထူးနေ့မြတ်အဖြစ်ပူဇော်ကြပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံများမှာ ကဆုန်လပြည့်နေ့ကို ဝိဆာခ်ပူဇ(Visakah Puja)၊ဗုဒ္ဓပုရ်နိမာ(Buddha Purnima)၊ဗုဒ္ဓဇယန္တိ(Buddha Jayan ta)လို့ခေါ်ဝေါ်ကြပါတယ်။ထိုင်းနိုင်ငံမှာ ဝိဆာခဘုချ(Visakhabucha)ဗိယက်နမ်မှာ ဖက်ဒန်း အင်ဒိုနီးရှားမှာ ဝိုင်းဆက်(waisak)သီရိလင်္ကာမှာ ဝိဆက်(ဝေ့ဆက်)(Vzsak) မလေးနဲ့တရုတ်မှာ ဖောဒန်း၊ တိဗက်မှာစကဒဝ(Saga Dawa) လာအိုနိုင်ငံမှာလဲ ဝိကဆက်ခဘောကဆ(Vixakha Bouxa) အသီးသီးခေါ်ဝေါ်ပြီး ပွဲတော်များကိုကျင်းပကြပါတယ်။မြန်မာ နိုင်ငံမှာတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့အဖြစ်သတ်မှတ်ပြီး ကဆုန်ညောင်ရေသွန်းပွဲတော်လို့ လူသိများပါတယ်။
မြန်မာနိုင်ငံအပါအဝင် သီရိလင်္ကာ၊မလေးရှား၊ထိုင်း၊စင်္ကာပူ၊ဗိယက်နမ်၊အင်ဒိုနီးရှားနှင့်ထိုင်ဝမ်တို့မှာ ကဆုန်လပြည့်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ကြသည့်အပြင် ၁၉၉၈ခု၊နိုဝင်ဘာလ( ၅) ရက်မှ (၁၄) ရက်အထိ သီရိလင်္ကာနိုင်ငံ ကိုလံဘို မြို့မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံး ပိတ်ရက်အဖြစ်သတ်မှတ်ရန်ညှိနိုင်းခဲ့ ကြပါတယ်။ အဲဒီမှာ ၁၉၉၉ခု စက်တင်ဘာလမှာ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ်ဟာထိုအဆိုကို ကုလသမဂ္ဂ ကိုတင်သွင်းခဲ့ပါတယ်။ ဒါကြောင့် (၅၄) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာထိုအဆိုကို မြန်မာနိုင်ငံအပါ အဝင် အာရှတိုက်ရှိဗုဒ္ဓဘာသာဝင်နိုင်ငံများ၊ အရှေ့တောင်အာရှအဖွဲ့ ဝင်နိုင်ငံများ၊ ရုရုားနိုင်ငံ၊အမေရိကန်ပြည်ထောင်စုနဲ့ အခြားသောနိုင်ငံများစုစုပေါင်း (၃၄) နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။ ၁၉၉၉ ဒီဇင်ဘာ (၁၃) ရက်အစည်းအဝေးဆုံးဖြတ် ချက်အမှတ် (၁၇၄) နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို နိုင်ငံအလိုက်အမည်အမျိုးမျိုးခေါ်ဝေါ်ပုံကို တင်ပြပြီးတဲ့နောက် စာရေးသူ လက်လမ်းမှီရာ မြန်မာနဲ့သီရိလင်္ကာရဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်ကျင်းပပုံကို တင်ပြလိုပါတယ်။ မြန်မာပြည်မှာတော့ ကဆုန်လပြည့်နေ့ကို ညောင်ရေသွန်းပွဲတော်လို့ ပိုပြီးလူသိများပါတယ်။ ပူဇော်ပုံကတော့ နံနက်စောစော ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ဆွမ်းစသော လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ ညောင်ပင်ကို ရေသွန်းလောင်းပူဇော်ခြင်းတို့ဖြစ်ပါတယ်။ ဘာကြောင့်ညောင်ပင်ကို ရေလောင်းပူဇော်ရသလဲဆိုရင် “ကံ ဥဒကံ ဆိန္ဒတီတိ ကဆုန်” လို့ ဆိုတဲ့အတိုင်းကဆုန် လမှာ ရေတွင်း ရေကန်တွေမှာ ရေပြတ်လောက်သည့်အထိ ပူပြင်းတဲ့အတွက် ဗုဒ္ဓကိုယ်စားညောင်ပင်ကြီးကို အကိုင်းအခက်တွေ မခန်းခြောက်စေဖို့၊ အသက်မသေစေဖို့ ရေသွန်းလောင်းပြီးပူဇော်ခြင်းဖြစ်ပါတယ်။
သီရိလင်္ကာမှာတော့ Vesak Day ကို Buddha birthday -ဘုရားမွေးနေ့ လို့ပိုပြီးလူသိများပါတယ်။ ပူဇော်ပုံကတော့ သံဃာ့ဒါနဆွမ်းလောင်းခြင်း၊ ဆွမ်းကပ်ခြင်း၊ မိမိတို့အိမ်ရှေ့ဖြစ်စေ၊ ကျယ်ဝန်းတဲ့နေမှာဖြစ်စေ ဒါနသာလာလိုခေါ်တဲ့ အလှူမဏ္ဍပ်တွေပြုလုပ်ပြီး စားဖွယ်သောက်ဖွယ်များ ပေးကမ်းလှူဒါန်းခြင်းတို့ ဖြစ်ပါတယ်။ မြန်မာပြည်ထက် ထူးခြားတဲ့ အချက်ကတော့ အိမ်တိုင်း လမ်းတိုင်း နေရာတိုင်းမှာ ဗုဒ္ဓနေ့အဖြစ်ပိုမိုသိသာစေရန် သာသနာ့အလံများ လွှင့်ထူထားခြင်းဖြစ် ပါတယ်။ ဒါတင်မကသေးပါဘူး အဓိကကျတဲ့ လမ်းဆုံတွေမှာ ဗုဒ္ဓ၀င်ပန်းချီကားတွေကို စိတ်ကြည်နူးဖွယ်ရာ ရေးခြယ်ပူဇော် ထားပါတယ်။
ညပိုင်းမှာဆိုရင် အဲဒီပန်းချီကားတွေကို ရောင်စုံလျှပ်စစ်မီတွေနဲ့ အဆန်းတကြယ်ပူဇော်ကြပါတယ်။ ဗုဒ္ဓ၀င်ဇာတ်လမ်းတွေ ကိုလည်း ပရိုဂျပ်တာနဲ့ ပြသပေးပါတယ်။ အထူးခြားဆုံးနဲ့ အတုယူစရာအကောင်းဆုံး ကတော့ မေလ 24 ရက်နဲ့25 ရက် Vesak Day နေ့တွေမှာ အသားငါးနဲ့ အရက်သေစာ ရောင်းချခွင့် လုံးဝ ပိတ်ပင်ထားခြင်းပါပဲ။ ဒါဟာ နိုင်ငံရဲ့ ဥပဒေတစ်ခုပါ။ အခုလို အခါကြီးရက်ကြီးကို မဆိုထားလင့် သာမန် Poya Day လို့ခေါ်တဲ့ လပြည့်လကွယ်ဥပုသ်နေ့တွေမှာတောင် အသားကြီး ငါးကြီး ၀ယ်လို့မရနိုင်ပါဘူး။
နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ကဆုန်လပြည့်နေ့ကို နိုင်ငံအလိုက် အမည်အမျိုးမျိုး၊ ပူဇော်ပုံအဖုံဖုံ ရှိသော်လည်း အနှစ်သာရကတော့ တူတူပါပဲ။ ဒါကတော့ ဗုဒ္ဓနေ့မှာ ဒါန သီလ ဘာဝနာ စတဲ့ကုသိုလ်တရားတွေပြုလုပ်ရင်း မြတ်ဗုဒ္ဓကို ပူဇော်ခြင်းပါပဲ။ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြတ်ဗုဒ္ဓကို အာမိသနဲ့ သာမက ဓမ္မနဲ့ပါပူဇော်နိုင်စေဖို့ လယ်တီဆရာတော် ဘုရားကြီးရဲ့ အောက်ပါဘုရားရှိခိုးလင်္ကာတွေကို မျှဝေလိုက်ပါတယ်။
ကဆုန်လပြည့် သောကြာနေ့ ဖွားမြင်တော်မူသောနေ့
သန္ဓေယူခါ ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌ ၊
မဟီလှိုက်ဆူ။ ဖွားတော်မူသည်၊
နတ်လူအောင်မြို့ လမ်းပါကို။
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဘုရားဖြစ်သောနေ့
တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့် ၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊
အလျင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။
ကဆုန်လပြည့် အင်္ဂါနေ့ပရိနိဗ္ဗာန်စံဝင်သောနေ့
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊
သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သည့်သူ၊ နတ်လူဗြဟ္မာ၊
သတ္တ၀ါကို၊ ခေမာသောင်သို့၊
ဖောင်ကုတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နတ်မလ္လာတိုင်း၊
စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊
ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊
စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။
အရှင်သုမင်္ဂလ(မြောင်)
0 မှတ်ချက်များ:
Post a Comment