Sep 6, 2013

         အနွယ်တော်က ဂေါတမ၊ ငယ်နာမည်က သိဒ္ဓတ္ထ၊ သူကိုယ်တိုင်သုံးနှုံးတာက တထာဂတ၊ အများခေါ်ဝေါ်တာက သကျမုနိ အဲဒီလို အမည်နာမများစွာနဲ့ ထင်ရှားလှတဲ့ သိဒ္ဓတ္ထဂေါတမဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း သာကီဝင်မင်းနေပြည်တော်မှာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော် မာယာဒေ၀ီမိဘုရားကြီးတို့ကနေ ဖွားမြင်ခဲ့ပါတယ်။
        အသက် (16) နှစ်အရွယ်မှာ မျိုးနွယ်အစဉ်အလာအတိုင်း ညီမတစ်ဝမ်းကွဲ ယသော်ဓရာမင်းသမီးနဲ့လက်ထပ်ပြီး ရာဟုလာဆိုတဲ့ သားတော်တစ်ပါး ထွန်းကားခဲ့ပါတယ်။ သက်တော် (29) နှစ်အရွယ်မှာတော့ ထီးနန်းစည်းစိမ်ကိုစွန့်ပစ်ပြီး ရသေ့ဝတ်ကာ သစ္စာတရား ရှာပုံတော်ဖွင့်ခဲ့ပါတယ်။ ဒီရှာပုံတော်ခရီးမှာ ဟိုဆရာဟုတ်နိုးနိုး၊ ဒီဆရာမှန်နိုးနိုးနဲ့ ချည်းကပ်ခဲ့တဲ့ဆရာတွေကလည်း အလွန်များလှပါတယ်။ အဲဒီအချိန်က ဘာသာရေးမှာ နာမည်ကြီးလှတဲ့ ပုရာဏကဿပ၊ မက္ခလိဂေါသာလဆိုတဲ့ဂိုဏ်းဆရာကြီးတွေကစလို့ ပဉ္စ၀ဂ္ဂီငါးပါး အထိပါပဲ။ တကယ်တော့ ဒီခရီးဟာ မလွယ်လှပါဘူး သစ္စာတရားအတွက် ပေးဆက်ခဲ့ရတာဟာ ဂင်္ဂါမြစ်ဝှမ်းတစ်လျှောက်မှာ ခြေရာတွေဖုံ၊ ဆရာတွေစုံလို့ ခြောက်နှစ်တောင် ကုန်ခဲ့ပါတယ်။ “ရေသာများ၍ ငါးမတွေ့၊ ဆရာများ၍ နည်းမတွေ့” ဆိုသလိုပဲ သူရှာဖွေနေတဲ့ သစ္စာတရားကိုတော့ မတွေ့ခဲ့ပါဘူး။
       ဒီအချိန်မှာပဲ မှန်ကန်တဲ့အတွေးတစ်ချက် လင်းလတ်ခဲ့တာက “အခုချည်းကပ်ခဲ့တဲ့ ဆရာတွေဟာ ငါလိုချင်တဲ့ သစ္စာတရားကို မညွှန်ပြနိုင်ဘူး။ ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ဖို့ဆိုရင် ကိုယ်ပိုင်နည်း ကိုယ်ပိုင်ဟန်နဲ့ ရှာဖွေမှဖြစ်မယ်။ ပြီးတော့ ကာမဂုဏ်ချမ်းသာကို ခံစားတဲ့ ကာမသုခလ္လိကာနုယောဂနဲ့ ခန္ဓာကိုညှင်းဆဲတဲ့ အတ္တကိလမထာနုယောဂ ကျင့်စဉ်ဆိုတာ မှန်ကန်တဲ့ ကျင့်စဉ်မဟုတ်ဘူး၊ ဒီ အစွန်းနှစ်ပါးလွတ်တဲ့ မဇ္ဈိမပဋိပဒါ- အလယ်အလတ်ကျင့်စဉ်သာလျှင် နိဗ္ဗာန် ကိုရောက်နိုင်မယ်။ ဒီတော့ အလယ်အလတ်ကျင့်စဉ်နဲ့ပဲ သစ္စာတရားကို ရှာဖွေမယ်လို့” သန္ဒိဌာန်ချလိုက်ပါတယ်။
       မဇ္ဈိမပဋိပဒါ- အလယ်အလတ်ကျင့်စဉ်ဆိုတာက ကောင်းသောစကားကိုပြောခြင်း သမ္မာဝါစာ၊ ကောင်းသောအလုပ်ကိုလုပ်ခြင်း သမ္မာကမ္မန္တ၊ ကောင်းသောအသက်မွေးခြင်း သမ္မာအာဇီဝ ဆိုတဲ့ သီလမဂ္ဂင် (3) ပါး၊ ကောင်းသောအားထုတ်ခြင်း သမ္မာဝါယာမ၊ ကောင်းသောသတိရှိခြင်း သမ္မာသတိ၊ ကောင်းသောတည်ကြည်ခြင်း သမ္မာသမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင် (၃) ပါးနဲ့ကောင်းသောအမြင်ရှိခြင်း သမ္မာဒိဌိ၊ ကောင်းသောအတွေးကိုတွေးခြင်း သမ္မာသင်္ကပ္ပ ဆိုတဲ့ ပညာမဂ္ဂင် (2) ပါး ဒီမဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ပါပဲ။ ဒီမဂ္ဂင်ရှစ်ပါးကိုပဲ သဘောတူရာ စုစည်းလိုက်ရင် သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်နဲ့ပညာမဂ္ဂင်လို့ မဂ္ဂင်သုံးမျိုးအဖြစ်မှတ်သားနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့ သိက္ခာသုံးရပ်အကျင့်မြတ်ဆိုတာ ဒီတရားပါပဲ။ ဒီသုံးပါးကိုပဲ အဆီညှစ်ပြီး အနှစ်ထုတ်ပါဆိုရင် မမေ့လျှော့ခြင်းဆိုတဲ့ အပ္ပမာဒတရားပါပဲ။ 
        သိဒ္ဓတ္ထဂေါတမဟာ ဆင်းရဲကင်းရာနိဗ္ဗာန်ကိုရောက်ဖို့ ဒီလမ်းစဉ်နဲ့ သွားရမယ်လို့ ကိုယ်တိုင်ကျင့်ကြံပြီး သိမြင်ခဲ့ပါတယ်။ တပည့်တွေကိုလည်း ဒီလမ်းကပဲ သွားဖို့ ညွှန်ပြခဲ့ပါတယ်။ ဒီလမ်းစဉ်ဟာ နိဗ္ဗာန်ကိုရောက်ခြင်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကောင်းဆုံး၊ အမြတ်ဆုံး၊ အမှန်ကန်ဆုံး လမ်းစဉ်ပါပဲ။ တန်ဖိုးမဖြတ်နိုင်တဲ့ နိဗ္ဗာန်လမ်းပြမြေပုံဆိုလည်း မမှားပါဘူး။ အခြားလမ်းက သွားမယ်မကြံလေနဲ့ လမ်းမှားပြီး အပါယ်လေးဝ ကျလိမ့်မယ်။
        ဒီလမ်းစဉ်နဲ့ပဲ သိဒ္ဓတ္ထဂေါတမဟာ အသက် (35) နှစ်၊ မဟာသက္ကရာဇ် (103) ခု၊ ကဆုန်လပြည့်နေ့ ညနေချမ်းအချိန် ဂဟာသီသ(ဗုဒ္ဓဂယာ)မှာရှိတဲ့ နေရဥရာမြစ်ကမ်းဘေးက ဗောဓိညောင်ပင်အောင်မှာ“ဘုရားမဖြစ်ရင် ဒီနေရာက ငါမထတော့ဘူး” လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ တရားရှုမှတ်လိုက်တာ- ပထမယာမ်(ပုဗယာမ) လို့ခေါ်တဲ့ ညနေ(၇) နာရီကနေ(10)နာရီ အတွင်းမှာ ရှေးအတိတ်ဘ၀တွေကို မြင်နိုင်တဲ့ ပုဗ္ဗေနိဝါသနုဿတိညာဏ်ကိုရတော်မူခဲ့တယ်။ ဒုတိယယာမ်(မဇ္ဈိမယာမ)လို့ခေါ်တဲ့ ည(10) နာရီကနေ (2) နာရီအတွင်းမှာ နတ်မျက်စိလိုအဝေးကအာရုံကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရတော် မူခဲ့တယ်။ တတိယယာမ်(ပစ္ဆိမယာမ)လို့ခေါ်တဲ့ (၂) နာရီကနေ မနက်(6) နာရီခန့် အရုဏ်တက်ချိန်မှာအာသဝေါတရား ကုန်ခမ်းခြင်းဆိုတဲ့ အာသ၀က္ခဝညာဏ်ကိုရတော်မူခဲ့ပါတယ်။ ဒီညာဏ်တော်ကိုပဲ သဗ္ဗညုတညာဏ်တော်လို့လည်းခေါ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်ကို သိမြင်တဲ့ညာဏ်လို့လည်း ဆိုပါတယ်။ တကယ်တော့ သတ္တ၀ါတွေ သံသရာတစ်ခွင်ကျင်လည်ရတာဟာ ပဋိစ္စသမုပ္ပါဒ်(သံသရာစက်)ကို လည်စေတတ်တဲ့ မသိမှုအ၀ိဇာနဲ့စွဲလန်းမှုတဏှာကို အမြစ်ပြတ်မပယ်သတ်နိုင်လို့ပါ။ ဘာကြောင့် မပယ်နိုင်သလဲလို့အကြောင်းရင်းကို စိစစ်ရင် “အာသ၀ါနံ သမုပ္ပါဒါ အ၀ိဇာစ ပ၀တ္တတိ- အာသဝေါတရားတွေဖြစ်ခြင်းကြောင့် အ၀ိဇာဖြစ်တယ်” လို့ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အာသဝေါတရားတို့ရဲ့ ကင်းရာကုန်ရာကို နိဗ္ဗာန်လို့ ဖွင့်ဆိုကြခြင်းလည်း ဖြစ်ပါတယ်။
အဲဒီ အာသ၀က္ခယညာဏ်တော်ကို ရတာနဲ့တပြိုင်နက် ဆင်းရဲခြင်း ဒုက္ခသစ္စာ၊ ဆင်းရဲခြင်းရဲ့အကြောင်းက ဒုက္ခသမုဒယသစ္စာ၊ ဆင်းရဲခြင်းချုပ်ငြိမ်းရာက ဒုက္ခနိရောဓသစ္စာ၊ ဆင်းရဲချုပ်ရာရောက်ကြောင်းအကျင့်က ဒုက္ခနိရောဓဂါမိနိပဋိပဒါသစ္စာ(မဂ္ဂသစ္စာ) ဆိုတဲ့ သစ္စာလေးချက် တစ်ပြိုင်နက် သိတော်မူခဲ့ပါတယ်။ 
        ဒီသစ္စာလေးပါးကိုပဲ ဆိုင်ရာကိစ္စအလိုက် အကြောင်းအကျိုး ခွဲခြားမယ်ဆိုရင် သမုဒယသစ္စာက ပယ်ရမဲ့ အကြောင်း သစ္စာဖြစ်ပြီး ဒုက္ခသစ္စာက ပိုင်းခြားသိတဲ့ အကျိုးသစ္စာပါ။ မဂ္ဂသစ္စာက ပွားများကျင့်ကြံရမဲ့ အကြောင်းသစ္စာ ဖြစ်ပြီး နိရောဓသစ္စာက မျက်မှောပြုရတဲ့ အကျိုးသစ္စာပါ။ အဲဒီတော့ အကြောင်းသစ္စာဖြစ်တဲ့ သမုဒယကို ပယ်ပြီး မဂ္ဂင်ရှစ်ပါးကို ပွားများမယ်ဆိုရင် အကျိုးသစ္စာဖြစ်တဲ့ ဒုက္ခကိုပိုင်းခြားသိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါပြီ။ သိဒ္ဓတ္ထဂေါတမဟာ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်ခြင်းပြီး ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်။
        ဘုရားဖြစ်ပြီးတဲ့နောက် (45) ၀ါပတ်လုံး နေ့မအား ညမနား တရားဒေသနာတော်တွေ ဟောကြာတာဟာ သက်တော် (80) ပရိနိဗ္ဗာန်ဝင်စံတဲ့အထိပါပဲ။ အဲဒီတရားတွေကို အကျဉ်းချုပ်မယ်ဆိုရင် “မကောင်းတာဆို ဘာမှမလုပ်နဲ့၊ ကောင်းတာဆို အကုန်လုပ်၊ စိတ်ကောင်းနှလုံးကောင်းထား” ဆိုတဲ့ သုံးချက်ပါပဲ။ နောက်ဆုံး ဟောခဲ့တဲ့တရားကတော့ မမေ့မလျှော့ကြနဲ့ ငါလိုပဲ မင်းတို့လည်း တစ်နေ့သေရမယ်ဆိုတာပါပဲ။ ဒါကြောင့် မိမိတို့အားလုံးဟာလည်း ဘုရားတောင်မလွန်ဆန်နိုင်တဲ့ သေခြင်းတရားနဲ့ ငါတို့လည်း တစ်နေ့ ရင်ဆိုင်ရ မှာပါလားလို့ အမြဲဆင်ခြင်ပြီ အပ္ပမာဒတရား လက်ကိုင်ထားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း မြတ်ဗုဒ္ဓရဲ့ ဒိုင်ယာရီ နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါတယ်။



အရှင်သုမင်္ဂလ(မြောင်)

0 မှတ်ချက်များ:

Post a Comment