ကမ္ဘာအတွင်းမှီတင်းနေထိုင်ကြတဲ့ လူသားတိုင်းမှာ ကိုယ့်ရဲ့နေရာဒေသ၊ အချိန်ကာလ၊ မျိုးနွယ်အုပ်စု၊ ယဉ်ကျေးမှုအစဉ်အလာစတဲ့အချက်တွေပေါ်မူတည်ပြီ ယုံကြည်အားကိုးရာ ဘာသာတရားတွေ ကိုယ်စီရှိတတ်ကြပါတယ်။
အဲဒီလိုရှိကြတဲ့အထဲမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာကိုတော့ ကမ္ဘာ့ဘာသာကြီးလေးရပ်အဖြစ် အားလုံးက အသိအမှတ်ပြုထားကြပါတယ်။ သတိပြုစရာအချက်ကတော့ ဒီဘာသာကြီးလေးရပ်စလုံးဟာ အာရှတိုက်မှာ စတင်ပေါက်ဖွားခဲ့ပြီး အထူးသဖြင့် ဗုဒ္ဓဘာသာကို “The light of Asia- အာရှရဲ့ အလင်းရောင်” လို့ ပညာရှင်တွေ အသိအမှတ်ပြု တင်စားကြခြင်းပါပဲ။ အဲဒီလို တင်စားခေါ်ဝေါလောက်အောင်ပဲ ဗုဒ္ဓဘာသာဟာ အနှစ်သာရပြည့်ဝလှကြောင်း အောက်ပါသာဓကတွေက မီးမောင်းထိုးပြပါလိမ့်မယ်။
တကယ်တော့ အာရှတိုက်မှာ ပေါ်ပေါက်ခဲ့တဲ့ ဗုဒ္ဓရဲ့သစ္စာတရားဟာ အာရှတိုက်ကလူတွေ အတွက်သာတန်ဖိုးရှိတာ မဟုတ်ပါဘူး အမေရိကတိုက်၊ အာဖရိကတိုက်နဲ့ ဥရောပတိုက်က လူတွေအတွက်လည်းတန်ဖိုးရှိပါတယ်။ တစ်နည်းပြောရရင် ဗုဒ္ဓရဲ့သစ္စာတရားဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်သာအကျိုးများတာမဟုတ်ပါဘူး။ ဟိန္ဒူ၊ ခရစ်ယာန်စတဲ့အခြားဘာသာဝင်တွေအတွက်လည်း လိုက်နာရင် အကျိုးရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ သစ္စာတရားတည်းဟူသော ရေစင်ရေအေးဟာ ဘယ်နေရာ ဘယ်ဒေသ ဘယ်ဘာသာဝင်မဆို သောက်သုံးသူမှန်သမျှကို ငြိမ်းချမ်းမှု အအေးဓာတ်ပေးပါတယ်။ ဒါဟာ အခြားဘာသာတွေထက် ဗုဒ္ဓဘာသာရဲ့ တည်ကြည် လေးနက် မှန်ကန် တိကျလှတဲ့ အထူးခြားဆုံး အနှစ်သာရတစ်ရပ်ပါပဲ။
သာဓကတစ်ခု ထုတ်ပြရရင် မကြသေးတဲ့ရက်ပိုင်းက ကိုလံဘိုမြို့နဲ့ ခပ်လှမ်းလှမ်း Amitirigala ဒေသမှာရှိတဲ့ “Nissarana Vanaya- (ကာမမှ) ထွက်မြောက်ရာ တောအုပ်” ကိုရောက်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ ရိပ်သာကို လေ့လာရင်း တရားထိုင်ရင်းဆိုပါတော့။ အဲဒီတရားစခန်းမှာ အလွန်ဝေးလှတဲ့ ကိုလံဘီယာကနေလာပြီး တရားအားထုတ်တဲ့ စိတ်တူကိုယ်တူ လူငယ်ဇနီးမောင်နှံလည်းပါဝင်ပါတယ်။ အဲဒီမှာ သူတို့နဲ့စကားပြောဖြစ်တဲ့အတွက် သူတို့ရဲ့ဗုဒ္ဓဘာသာကို စိတ်ဝင်စားပုံနဲ့ ဗုဒ္ဓဘာသာအတွက် အားတတ်စရာ၊ ဗုဒ္ဓဘာသာဝင်တွေအတွက် သတိပြုစရာအချက်ကို စာရေးသူ သတိပြုမိခဲ့ပါတယ်။
သူတို့ပြောပြခဲ့တဲ့ သူတို့ရဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားပုံ၊ သစ္စာတရားရှာပုံတော်ခရီးစဉ် သမိုင်းကြောင်းကတော့ ဒီလိုပါ-
တကယ်တော့ သူတို့ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်သေးပါဘူး ရိုမန်ကတ်သလစ်ခရစ်ယာန်ဝင်တွေပါ။ ဗုဒ္ဓဘာသာအကြောင်းကို သိခွင့်ရခဲ့တာဟာ (၃) နှစ်ခန့်သာရှိသေးပြီး တရားထိုင်တာကတော့ (2) နှစ်ခန့်သာရှိပါသေးတယ်။ ဗုဒ္ဓတရားတော်တွေကို အင်တာနက်ကတဆင့် ရှာဖွေဖတ်ခဲ့ရပါတယ်။ စာဖတ်ရင်း တရားတော်ရဲ့ မှန်ကန်မှု အေးချမ်းမှု လေးနက်မှုကို သိခဲ့ရတယ်။ တရားကိုသိတော့ ဒီတရားကိုဖော်ထုတ်ဟောကြားခဲ့တဲ့ ဘုရားအကြောင်းလည်း သိခြင်လာတယ်။ ပြီးတော့ ဒီတရားတော်တွေကို
နှစ်ပေါင်း (2600) ကျော်ကြာအောင် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ သံဃာတော်အကြောင်းလည်း သိခြင်လာတယ်။ အဲဒီလို ရတနာသုံးပါးအကြောင်း လက်တွေ့ကျကျသိခြင်တဲ့ ထက်သန်တဲ့ သဒ္ဓါ ဆန္ဒ ၀ီရိယတွေနဲ့အတူ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ အာရှခရီးစဉ်ကိုစခဲ့ပါတယ်။ ငယ်ရွယ်တဲ့ဇနီးမောင်နှံရဲ့ သစ္စာရှာပုံတော်ခရီးပါပဲ။ တကယ်ကို အားကျအတုယူစရာကောင်းလှတဲ့ ဇနီးမောင်နှံပါ။ အများအားဖြင့်တော့ ဒီအရွက်ဆို ပျော်ပွဲစားခရီးလည်းထွက်တာနဲ့ စီးပွားရှာတာကိုပဲ ပိုပြီး စိတ်အားထက်သန်ပါလိမ့်မယ်။
ပြီးတော့ သူတို့ရဲ့ ခရီးစဉ်ဟာ မေလကနေစခဲ့ပြီး အခုဆို (3) လကျော်နေပါပြီ။ ခရီးစဉ်အစဟာ အိန္ဒိယဖြစ်ပါတယ်။ မွန်ဘိုင်းမြို့မှာရှိတဲ့ ဆရာကြီးဦးဂိုအင်ကာရဲ့ ရိပ်သာမှာ တရားထိုင်ခဲ့ပါတယ်။ ပြီးတော့ ဗုဒ္ဓဂယာကို ဘုရားဖူးပါတယ်။ အခု သီရိလင်္ကာမှာရှိတဲ့ ရိပ်သာတွေမှာ တရားထိုင်ပြီး ဗုဒ္ဓဘာသာအကြောင်းကို လေ့လာနေပါတယ်။ ပြီးရင် မြန်မာပြည်က အထင်ကရ ရိပ်သာတွေမှာ တရားထိုင်ပါလိမ့်မယ်။ အားလုံး အချိတ်အဆက်တွေတောင်လုပ်ပြီးနေပါပြီး။ ဒီနေရာမှာ သူတို့နဲ့ပြောခဲ့တဲ့ မြန်မာပြည်အကြောင်းလေးကို ဝေငှခြင်ပါတယ်။ သူတို့ပြောတာက “သီရိလင်္ကာကနေ ကိုလံဘီယာကို ဖုံးဆက်ရင် ရူပီး (50) တန်ကဒ်ဆို အကြာကြီးပြောလို့ ရတယ်။ မြန်မာပြည်ကို ဆက်ရင် ရူပီး (200) တန်ကဒ်ဟာ (4) မီးနစ်ပဲရတယ်။ ဖုံးဆက်တဲ့အခါ “ဟဲလို…Venerable…ဘလာ..ဘလာ..ဘလာ” ဆိုပြီး မြန်မြန်ပြောရတယ်။ စကားပြောလို့မပြီးသေးရင် နောက်တစ်ကဒ်ထည့်ပြီး “ဘလာ..ဘလာ..ဘလာ” ဆိုပြီး မြန်မြန်ပြောရတယ်။ စကားကြာကြာမပြေရဲဘူး။ စကားကို limit နဲ့ပြောနေရတယ်။ မြန်မာပြည်က ဖုံးခေါ်ရတာ ဈေးကြီးသလို စားသောက်ဆိုင်တွေရော ဈေးကြီးသလား” တဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုချစ်တော့ ဆင်ခြေလေးနဲ့ “အခုဆို စစ်အစိုးရကနေ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရအဖြစ် ပြောင်းလဲနေပါပြီ။ ဖွံ့ဖြိုးတိုးတတ်စမို့ နည်းပညာပိုင်းတွေမှာ ဈေးကြီးတာပါ။ ကျန်တာတွေ အကုန်ကောင်းပါတယ်။ ဟိုရောက်ရင် သိပါလိမ့်မယ်” လို့နားထောင်ကောင်းအောင် ပြောလိုက်ပါတယ်။ ပြီးတော့ “မဟာစည်ဆရာတော်…ချမ်းမြေ့ဆရာတော်….ဖားအောက်ဆရာတော်…” ဆိုပြီး ဆရာတော်ကြီးတွေရဲ့ ဘွဲ့တွေကိုတောင် သူ့တို့နှုတ်ဖြားကနေ ခေါ်ဝေါ်သုံးစွဲတတ်နေပါပြီ။ သူတို့ဆီက ကြားရတဲ့ ဗုဒ္ဓဘာသာ အတွက်အားတက်စရာကတော့ “ အခုဆိုရင် ကိုလံဘီယာနိုင်ငံ၊ အမေရိကန်နိုင်ငံ စတဲ့အနောက်နိုင်ငံကလူတွေဟာ အကြောင်း အကျိုး ဆီလျှော်တဲ့ ဗုဒ္ဓဘာသာကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်ဝင်စားနေကြတယ်၊ အခုလူငယ်တွေဟာ ဘာပဲဖြစ်ဖြစ် God ကဖန်ဆင်းတယ်၊ ထာဝရဘုရားရှင်အလိုတော်ကျဆိုတာကို လက်မခံကြတော့ဘူး။ သူတို့ နိုင်ငံဟာ ရေမြေသဘာဝအရမ်းလှပါတယ်။ ဒါပေမဲ့ အကြမ်းဖတ်မှုတွေ၊ စိတ်ဖိစီးမှုတွေလည်း အရမ်းများတယ်။ အဲဒီ စိတ်ဖိစီးမှုကို ကုစားတဲ့နည်း သူတို့ဆီမှာမရှိဘူး။ ဒါကို ဗုဒ္ဓဘာသာရဲ့ တရားရှုမှတ်ခြင်းက ကုစားနိုင်တယ်လို့ သူတို့ယုံကြည်တယ်” လို့ပြောပြပါတယ်။
ဒါကြောင့် မှန်မှန်ကန်ကန် တွေးတောဆင်ခြင်တတ်တဲ့ လူတွေရှိနေသမျှ မြတ်ဗုဒ္ဓရဲ့တရားတော်တွေဟာ နှစ်ပေါင်းများစွာ တည်တံ့နေမယ်ဆိုပြီး ဗုဒ္ဓဘာသာအတွက်အားတတ်မိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် သတိပြုသင့်တဲ့အချက်ကတော့ “ဗုဒ္ဓဘာသာဝင်ဖြစ်နေပါလျှက် မြတ်ဗုဒ္ဓဟောကြားတဲ့ တရားဒေသနာတော်အတိုင်း လိုက်နာကျင့်ကြံမှုမရှိဘူးဆိုရင် ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနဲ့ တရားတော်ရဲ့ငြိမ်းအေးမှုအရသာကို ခံစားရမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် ကြာပင်အောက်မှာနေတဲ့ ဖားသူငယ်ဟာ ကြာဝတ်ဆံကို မစားရပဲ ကြာပင်မှာတွယ်ကပ်နေတဲ့ ရေညှိသာ စားသုံးရတာနဲ့ တူပါလိမ့်မယ်။ ကိုလံဘီယာက ဇနီးမောင်နှံလို ရေခြား မြေခြားတိုင်းတစ်ပါးကနေလာပြီး မြတ်ဗုဒ္ဓဟောကြားတဲ့ တရားဒေသနာတော်အတိုင်း လိုက်နာကျင့်ကြံမယ်ဆိုရင် ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနဲ့ တရားတော်ရဲ့ငြိမ်းအေးမှုအရသာကို မလွဲမသွေခံစားရမှာပါ။ ဥပမာအားဖြင့် အဝေးတစ်နေရာမှာ နေတဲ့ ပျားပိတုန်းဟာ ကြာဝတ်ဆံကို လာပြီးစားသုံးရသလိုပါပဲ။
ဒါကြောင့် မိမိတို့ ဗုဒ္ဓဘာသာဝင်တွေဟာ နီးလျှက်နဲ့ ဝေးနေတဲ့ ဖားသူငယ်အဖြစ်မခံဘဲ ကိုယ်တိုင်းလည်း သစ္စာတရားကို သိနိုင်အောင်ကြိုးစားကာ၊ အခြားသူတွေ သစ္စာတရားသိဖို့အရေး အားပေးကူညီတဲ့သူဖြစ်နိုင်ပါစေလို့ ဆန္ဒပြုရင် သစ္စာတရားရှာဖွေသူကို နိဂုံးချုပ်လိုက်ပါတယ်။
အရှင်သုမင်္ဂလ(မြောင်)

0 မှတ်ချက်များ:
Post a Comment